ကစားကွက်ရော ကစားပုံပါ မဟန်တဲ့ မန်ယူတို့ နယူးကာဆယ် အသင်းကို အဝေးကွင်းမှာ ၁-ဝ နဲ့ ရှုံးသွားရတဲ့ ပွဲအကြောင်း
မန်ချက်စတာ ယူနိုက်တက်ဟာ မနေ့ညက နယူးကာဆယ် အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရာ ၁-ဝ နဲ့ အရေးနိမ့်သွားခဲ့ရပါတယ်။ဧည့်သည် မန်ယူတို့က ဒီပွဲမှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လုခ် ရှော၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ မိုင်နူးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ် မှာတော့ ရက်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ မာစီယယ်လ်တို့ကို တွဲဖက်ပေးခဲ့တာပါ။မန်ယူတို့အနေနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ လူမစုံတာချင်းအတူတူ နယူးကာဆယ်လ်တို့ကို ယှဉ်ကစားဖို့ မဖြစ်နိုင်ခဲ့ဘဲ ကွင်းလယ် ထိန်းချုပ်နိုင်မှုအပိုင်းမှာ တန်ဟတ်ရဲ့ အဖြစ်မရှိမှုကိုပဲ မြင်ခဲ့ရသလို ပထမပိုင်းမှာ ဂိုးပေါက်ကန်သွင်းခွင့်ချင်းက တော်တော်လေး ကွာခြားနေခဲ့ပြီး ကောင်တာကိုပဲ အားပြုခဲ့ရပေမယ့် ဂိုးသမား အိုနာနာ အမှားအယွင်း မရှိခဲ့တာကြောင့် ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ မန်ယူတို့ ကစားပုံက ပိုချာလာခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ ဂိုးသွင်းယူ သွားခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ထရစ်ပီယာက ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ အယ်လ်မီရွန် ပိတ်သွင်းဖို့ မမီလိုက်ပေမယ့် ဘယ်တောင်ပံက ပြေးဝင်လာခဲ့တဲ့ ဂေါ်ဒန်က အနီးကပ် အပိုင်ကန်သွင်းပြီး အိုနာနာကို ကြေကွဲစေခဲ့တာပါ။ဒီနောက်မှာ မန်ယူတို့ဘက်က မာစီယယ်လ်၊ ရက်ရှ်ဖို့ဒ်၊ ဝန်ဘစ်ဆာကာနဲ့ မိုင်နူးတို့အစား ဟွိုင်လန်း၊ အန်တိုနီ၊ ရက်ဂီလွန်နဲ့ အမ်မရာဘတ်တို့ကို လဲကစားခဲ့ပြီး နယူးကာဆယ်လ်တို့ဘက်ကတော့ အရန်ခုံမှာ လူလဲစရာ ရှားပါး ရတဲ့ကြားထဲ ဂိုးသမား နစ်ခ် ပုပ် နာသွားခဲ့လို့ ဒူဘရက်ဗ်ကာကို ထည့်သွင်းခဲ့ရတာဖြစ်ပါတယ်။
ပွဲချိန် ၈၉ မိနစ်မှာ ရက်ဂီလွန်ရဲ့ ဖြတ်တင်ဘောကနေ အန်တိုနီက ကန်သွင်းပြီး လူစားဝင် ကစားသမားတွေရဲ့ ချေပဂိုး ဖြစ်ဖို့ နီးစပ်ခဲ့သေးပေမယ့် ရှေ့တက်ပြီး ယောင်နေတဲ့ ခေါင်းကြီး မက်ဂွိုင်းယားက လူကျွံအနေအထားကနေ ရင်ဘတ်နဲ့ ရှပ်ထိပြီး ကာကွယ်ပေးခဲ့လို့ မန်ယူတို့ ကြေကွဲခဲ့ရသလို နယူးကာဆယ်လ်တို့ကတော့ ကံကောင်းသွားခဲ့ကြတာပါ။
ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့က မန်ယူတို့ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဂေါ်ဒန်ရဲ့ တစ်လုံး တည်းသော ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ နည်းပြ တန်ဟတ်ရဲ့ မန်ယူအသင်းကတော့ အဆင့် ၇ နေရာကို ကျဆင်း သွားခဲ့ပါတယ်။