ရက်ကလစ်ဖ်ကြောင့် အသင်းထံ ပြန်လာဖို့ ရှိနေတဲ့ အဝေးလွင့် မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်လေး
မန်ချက်စတာယူနိုက်တက် ရဲ့ ရှယ်ယာရှင် သစ် ဖြစ်လာတော့မဲ့ ဗြိတိန်သန်းကြွယ်သူဌေးဖြစ်သူ ဆာ ဂျင်မ် ရက်ကလစ်ဖ် ဟာ ဂီတာဖေး မှာ အငှားထွက် ကစားရင်း ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမား ဂရင်းဝုဒ်ကို ပြန်ခေါ်ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်လာပါတယ်။
ရက်ကလစ်ဖ်ဟာ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ ၂၅ % ကို ပေါင် ၁.၂၅ ဘီလီယံနဲ့ ဝယ်ယူနိုင်ဖို့ နီးစပ်နေပြီး လာမဲ့တစ်ပတ်အစောပိုင်းမှာ နှစ်ဖက်စလုံးက အတည်ပြု ထုတ်ပြန်ကြေညာသွားဖို့ရှိတယ်လို့ စကိုင်းစပေါ့ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်အသင်းရှယ်ယာ ၂၅ % ကို ဝယ်ယူပြီးသွားရင် ဆာ ဂျင်မ် ရက်ကလစ်ဖ် ဟာ ယူနိုက်တက်ရဲ့ ဘောလုံးကဏ္ဍနဲ့ပတ်သက်တဲ့ စီမံအုပ်ချုပ်ရေးအပိုင်းကို တာဝန်ယူ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။
အဲဒီထဲမှာ ဂရင်းဝုဒ်ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး တစ်ခုခု ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ နာမည်ကျော် ဂျာနယ်လစ်ဖြစ်သူ ဖာဘရစ်ဇီယိုရိုမာနိုက ဆိုပါတယ်။အသက် ၂၂ နှစ်သာရှိသေးသူ ဂရင်းဝုဒ်ဟာ လူမှုရေးပြဿနာတွေကြောင့် ဒီရာသီအစက ယူနိုက်တက်နဲ့လမ်းခွဲခဲ့ရပြီး ဂီတာဖေးအသင်းကို တစ်ရာသီအငှားနဲ့ပြောင်းရွှေ့ခဲ့ပါတယ်။
ဂီတာဖေးအသင်းမှာ ဂရင်းဝုဒ်က တစ်ကျော့ပြန်ခြေစွမ်းပြနေသလို မိနစ်ပေါင်း ၈၁၁ မိနစ် ကစားအပြီးမှာ ၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပျမ်းမျှ ၁၁၆ မိနစ်ကြာတိုင်း သွင်းဂိုး/ဂိုးဖန်တီးမှု လုပ်နိုင်ပြီး ဒါက လက်ရှိ ယူနိုက်တက်တိုက်စစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ထက် အများကြီးသာနေပါတယ်။
ဂရင်းဝုဒ်ရဲ့အငှားစာချုပ်ထဲမှာ အပြီးသတ် ခေါ်ယူဖို့ သဘောတူညီချက် မပါဝင်တာကြောင့် ဂီတာဖေးအသင်းက ယူနိုက်တက်ဘက်က ခွင့်ပြုရင် ဂရင်းဝုဒ်ကို အငှားစာချုပ် သက်တမ်းတိုးဖို့ ဆန္ဒရှိနေပြီး လာလီဂါ ၂ သင်းကလည်း ဂရင်းဝုဒ်ကို ခေါ်ချင်နေကြပါတယ်။ယူနိုက်တက်နဲ့ဂရင်းဝုဒ်တို့ရဲ့ စာချုပ်က ၂၀၂၅ ခုနှစ်ကျရင် သက်တမ်းပြည့်မှာဖြစ်တဲ့အတွက် ဂီတာဖေးနဲ့ အငှား စာချုပ်ပြည့်လို့ ယူနိုက်တက်ကို ပြန်လာရင် ဂရင်းဝုဒ်ဟာ စာချုပ် ၁ နှစ်သာ ကျန်တော့မှာဖြစ်ပါတယ်။
ဂရင်းဝုဒ်ကို ဂီတာဖေးအပါအဝင် လာလီဂါကလပ်တချို့က ခေါ်ချင်ပေမဲ့လည်း ဖာဘရစ်ဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ ယူနိုက်တက် အသင်းက ဂရင်းဝုဒ်ကို လက်လွှတ်ခံမှာမဟုတ်ဘဲ ပြန်ခေါ်သွားဖို့ရှိနေပါတယ်။ ဖာဘရစ်ဇီယိုရိုမာနိုက ‘မကြာခင် ယူနိုက်တက်ရှယ်ယာပိုင်ရှင်ဖြစ်လာမဲ့ ဆာ ဂျင်မ် ရက်ကလစ်ဖ် ဟာ ဂရင်းဝုဒ်ရဲ့ အနေအထားနဲ့ ပတ်သက်ပြီး သီးသန့် ဆွေးနွေးခဲ့တယ်လို့ ကျွန်တော် ကြားသိရပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာလ မတိုင်ခင်အထိ ဘာမှ ယတိပြတ် ဆုံးဖြတ်သွားမဲ့အနေအထားမရှိသေးပါဘူး။ ဆာ ဂျင်မ် ရက်ကလစ်ဖ် အနေနဲ့ ဂီတာဖေးမှာ ပွဲကစားခွင့်ရနေတဲ့ ဂရင်းဝုဒ်ကို အချိန်ယူ စောင့်ကြည့်ပြီးမှ သူ့ရဲ့စွမ်းဆောင်ရည်အပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။လာမဲ့ မတ်လ၊ ဧပြီ ဒါမှမဟုတ် မေလလောက်မှာ အဖြေထွက်ဖို့ရှိပါတယ်’လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။