ဖီဖာ စည်းမျဉ်း တစ်ခုကြောင့် အိုနာနာ လုပ်ပုံ မဟန်ရင် မန်ချက်စတာ ယူနိုက်တက် အတွက် ကစားခွင့် ပိတ်ပင်ခံရဖွယ် ရှိ
ကင်မရွန်း လက်ရွေးစင် ဂိုးသမား အင်ဒရေအိုနာနာဟာ ဖီဖာရဲ့ လူသိနည်းတဲ့ စည်းမျဉ်းကြောင့် မန်ချက်စတာ ယူနိုက်တက် အတွက်လည်း ကစားခွင့် ပိတ်ပင်ခြင်းခံလာရဖို့ ရှိနေပါတယ်။မန်ချက်စတာ ယူနိုက်တက် ရဲ့ နံပါတ်တစ် ဂိုးသမားဟာ လာမယ့် ဇန်နဝါရီလတွင် ကင်မရွန်းအတွက် အာဖရိက ဖလားပြိုင်ပွဲ ကစားရန် ရှိနေပါတယ်။
သူဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက နည်းပြ ရီဂိုဘတ်ဆောင်းနှင့် ဆက်ဆံရေး အဆင်မပြေမှုကြောင့် နှုတ်ထွက်ကာ အိမ်ပြန်လာခဲ့ပြီးနောက် ကင်မရွန်းလက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့သူလည်း ဖြစ်ပါတယ်
ဒါပေမဲ့ သူဟာ ယူနိုက်တက်သို့ ပြောင်းလာပြီးအချိန်မှာတော့ စိတ်ပြောင်းကာ ကင်မရွန်းအတွက် ပြန်လည်ကစားပေးခဲ့ပြီး ယခုနှစ် အတွင်းမှာ ၃ ပွဲကစားပေးထားပြီး ဖြစ်ပါတယ်။ဒါပေမဲ့ အင်ဒရေအိုနာနာဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့လာပြီးတဲ့နောက် အမှားများ ပြုလုပ်ကာ လက်စွမ်းကျ ဆင်းလာပြီးနောက် အာဖရိကဖလားပြိုင်ပွဲ သွားမကစားဘဲ ကလပ်တွင် နေရာမြဲရေးအတွက် လုပ်ဆောင်လာဖို့ ရှိနေပါတယ်။
ကင်မရွန်းဂိုးသမားဟာ ကြားရက်တုန်းက ဖီနာဘာချီနှင့် ၃ ဂိုးစီသရေကျကာ ချန်ပီယံလိဂ်မှ ထွက်ခွာရကိန်း ဆိုက်သွား ခဲ့တဲ့ ပွဲတွင် အမှားပြုလုပ်ပြီး ၂ ဂိုးပေးခဲ့ရပါတယ်။ ယင်းသို့ အခြေအနေကြောင့် အိုနာနာဟာ လာမယ့် ဇန်နဝါရီလတွင် ကင်မရွန်းအတွက် အာဖရိက ဖလားပြိုင်ပွဲ သွား ကစားပါက ပြန်ရောက်လာချိန်တွင် ယူနိုက်တက်နံပါတ်တစ်ဂိုးသမားနေရာမှာ အာမခံချက်မရှိဖြစ်နေပါတယ်။ဒါကြောင့်လည်း အိုနာနာဟာ အာဖရိကဖလားပြိုင်ပွဲသွားကစားဘဲ ယူနိုက်တက်အတွက် ဆက်ကစားကာ အကောင်းဆုံး ပုံစံပြန်ရရေး ကြိုးပမ်းမယ်လို့ သတင်းထွက်နေပါတယ်။
ဒါပေမဲ့ တကယ်လို့များ ကင်မရွန်းဘက်က ဆင့်ခေါ်ပေမဲ့ အိုနာနာဘက်က ပူးပေါင်းရန် ငြင်းဆိုလာပါက ဖီဖာအနေဖြင့် ယူနိုက်တက်အတွက် ကစားခွင့်လည်း ပိတ်ပင်လာနိုင်ပါတယ်။ ဖီဖာရဲ့ စည်းမျဉ်းအရ နိုင်ငံအတွက် ကစားခွင့်ငြင်းဆိုတဲ့ ကစားသမားကို ကလပ်အတွက် ကစားခွင့်ပိတ်ပင်နိုင်တဲ့အပြင် ၅ ရက်ပါ ထပ်မကစားနိုင်အောင် အရေးယူနိုင်ပါတယ်။
တဖက်တွင် လီဗာပူးနောက်ခံလူဂျိုယေးမာတစ်ဟာ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၀ ခုနှစ် အာဖရိကဖလားပြိုင်ပွဲတို့တွင် ကင်မရွန်း အတွက် ကစားရန် ငြင်းဆိုခဲ့ပေမဲ့လည်း ပွဲပယ်ခံရမဲ့အရေးမှ ရှောင်လွဲနိုင်ခဲ့ဖူးပါတယ်။
သူဟာ ၂၀၁၅ ခုနှစ်ကတည်းက ကင်မရွန်းအတွက် ကစားခြင်းမရှိတာကြောင့် ပွဲပယ်မှုမှ ရှောင်လွဲနိုင်ခဲ့တာပါ။ အာဖရိကဖလားပြိုင်ပွဲကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ကင်မရွန်းသာ ဗိုလ်လုပွဲသို့ တက်ရောက်မည်ဆိုပါက အိုနာနာမှာ ယူနိုက်တက်အတွက် ပွဲ ၆ ပွဲအထိ လွဲချော်လာနိုင်ပါတယ်။