ယူနိုက်တက် နယူးကာဆယ်နဲ့ သရေကျသွားနိုင်တဲ့ အခွင့်အရေးကောင်းကြီးကိုမှ ဝင်နှောက်ခဲ့တဲ့ မက်ဂွိုင်းယား
မနေ့ညက မန်ချက်စတာယူနိုက်တက်ဟာ နယူးကာဆယ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်မှာ ချေပဂိုးရဖို့ အကောင်းဆုံး အခွင့်အရေး ကြုံခဲ့ပေမဲ့လည်း ဟယ်ရီ မက်ဂွိုင်းယားကြောင့် မရရှိခဲ့ပါဘူး။ အိမ်ရှင် နယူးကာဆယ် အသင်း ဟာ ပွဲချိန် ၅၅ မိနစ်မှာ အန်တိုနီဂေါ်ဒွန်ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ပွဲနှောင်းပိုင်းတွင် ယူနိုက်တက်ဟာ ချေပဂိုးရရှိရေး ကြိုးပမ်းလာပြီး နယူးကာဆယ်ဘက်သို့ ခြိမ်းခြောက်မှုတွေ ပြုလုပ် လာခဲ့ပါတယ်။ပွဲချိန် ၈၉ မိနစ်မှာတော့ အန်တိုနီဟာ ယူနိုက်တက်တို့ ချေပဂိုးရဖို့ အကောင်းဆုံးအခွင့်အရေးရရှိခဲ့ပါတယ် ဒါပေမဲ့လည်း ဘရာဇီးစတားရဲ့ ကန်ချက်မှာ ဟယ်ရီမက်ဂွိုင်းယားကို ထိပြီး ချေပဂိုးမရရှိခဲ့ပါဘူး။
ဘောလုံးထိမှန်ချိန်တွင် ဟယ်ရီမက်ဂွိုင်းယားဟာ လူကျွံနေပါတယ်။ တကယ်လို့များ ဂိုးဝင်သွားခဲ့မယ်ဆိုရင်လည်း ဂိုးအဖြစ် သတ်မှတ်ခံရမှာ မဟုတ်ပါဘူး။
ယင်းအဖြစ်အပျက်ကြောင့် ဟယ်ရီမက်ဂွိုင်းယားဟာ ယခင်ကဲ့သို့ပင် ယူနိုက်တက်ပရိသတ်များရဲ့ အွန်လိုင်းတွင် ပစ်မှတ်ထားခြင်းခံလာရတာလည်း တွေ့ရပါတယ်။ ပရိသတ်တစ်ဦးက “အန်တိုနီ ဂိုးသွင်းချိန်မှာ မက်ဂွိုင်းယား အချိန်မှား၊ နေရာမှားသို့ ကံဆိုးပြီး ရောက်နေပါလား”လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “မက်ဂွိုင်းယားက အရမ်းကံဆိုးသူပါလား။ ဘောလုံးကံကြမ္မာ ဇာတ်ဆရာတော့ မက်ဂွိုင်းယားကို အရမ်းမုန်းမှာပဲ”လို့ ပြောကြားသွားပါတယ်။ နယူးကာဆယ်ကို ရှုံးလိုက်တဲ့ ပွဲကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ယခုရာသီ ၆ ပွဲမြောက် ရှုံးပွဲကြုံတွေ့ခဲ့ရပြီး အမှတ်ပေးဇယားအဆင့် ၇ သို့ ဆင်းလိုက်ရပါတယ်။