မန်ယူ အတွင်းသတင်း မဟုတ်တာတွေ ရေးတယ် ဆိုပြီး နာမည်ကြီး သတင်းဌာနတွေကို ဝင်ခွင့်ပိတ်လိုက်တဲ့ တန်ဟက်
မန်ချက်စတာယူနိုက်တက် ဟာ အသင်း အတွင်းသတင်းကို ဖွင့်ချရေးသားလာတဲ့ နာမည်ကြီး သတင်းဌာနများမှ ဂျာနယ်လစ်များအား အဲရစ်တန်ဟက်ရဲ့ အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခွင့် ပိတ်ပင်မှု ပြုလုပ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ESPN ၊ Sky ၊ Manchester Evening News နှင့် Mirror တို့မှ ဂျာနယ်လစ်များအား သတင်းစာ ရှင်းလင်းပွဲတက်ခွင့် ပိတ်ပင်ခဲ့တာလည်း ဖြစ်ပါတယ်။
အထက်ပါ သတင်းဌာနများကနေပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမားများ ဟာ နည်းပြ အဲရစ်တန်ဟက်ရဲ့ နည်းဗျူဟာအပေါ်တွင် အယုံအကြည်မရှိတော့ကြောင်း၊ နယ်သာလန်သား နည်းပြမှာ အဝတ်အစားလဲခန်းကို ၅၀ ရာခိုင်နှုန်းမျှသာ ထိန်းချုပ်ထားနိုင်တော့ကြောင်း ဖော်ထုတ်ရေးသားခဲ့ကြတာလည်း ဖြစ်ပါတယ်။
ထိုသို့ ရေးသားလာမှုအပေါ်တွင် တန်ဟက်နဲ့ ယူနိုက်တက် ဘက်က သတင်းစာရှင်းလင်းပွဲ တက်ခွင့်ပိတ်ပင်ပြီး တုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။
ယင်းသို့ ဂျာနယ်လစ်များအား သတင်းစာရှင်းလင်းပွဲတက်ခွင့် ပိတ်ပင်မှုနှင့်ပတ်သက်ပြီး အဲရစ်တန်ဟက်က ခုလို ပြောကြားခဲ့ပါတယ်။
” သတင်းရေးမယ် ဆိုရင် ကျွန်တော်တို့ဆီကို ဦးဆုံး လာမေးသင့် အတည်ပြုသင့်တယ်။ နောက်ကွယ်မှာ မရေးသားသင့်ဘူး။ ဒါလိုမျိုးလုပ်တဲ့ မမှန်ဘူး။ကစားသမားတွေမှာ ကွဲပြားတဲ့အမြင်ရှိရင် ကျွန်တော် နားထောင်ပေးပါမယ်။ ဒါပေမဲ့ သူတို့ ကျွန်တော့်ကို ဘာမှ မပြောပါဘူး။ တစ်ဦးစ နှစ်ဦးစတော့ ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမဲ့ ကစားသမားအများစုက တက်ကြွတယ်၊ သွက်လက်တယ်၊ ရဲရင့်ကြတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။
ဒါပေမယ့် အင်္ဂလန် သတင်းဌာနတွေကတော့ စီနီယာတွေ အပါအဝင် မန်ယူအသင်းသား တော်တော် များများဟာ တန်ဟက်ရဲ့ ရည်ရွယ်ချက်မဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးနဲ့ နည်းပြမှုတွေကို စိတ်ပျက်နေကြပြီ လို့ ဖော်ပြခဲ့တာပါ။