စီနီယာ အသင်းသားတွေ အပါအဝင် မန်ယူ ကစားသမားတွေက နည်းပြ တန်ဟက်ကို စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီ သတင်းထွက်
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဟာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပြင်းထန်လွန်းတဲ့ လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ ထူးခြားတဲ့ စီမံခန့်ခွဲမှုတွေ လုပ်ခဲ့ပြီး နောက်ဆက်တွဲ အနေနဲ့ ယူနိုက်တက်ကစားသမား တစ်ဝက်လောက်ရဲ့ ထောက်ခံမှုကို ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။စနေနေ့က နယူးကာဆယ်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ဒီရာသီပြိုင်ပွဲစုံ ၁၀ ပွဲမြောက် ရှုံးနိမ့်မှုအပြီးမှာ နယ်သာလန်သား နည်းပြဟာ ယခုကဲ့သို့ ကစားသမားတွေရဲ့ ငြိုငြင်မှုတွေကို ခံလာရတာဖြစ်ပါတယ်။
အဆိုပါ ရှုံးပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံး ၄ သင်း နေရာနဲ့ ၅ မှတ်အထိ ကွာဟနေတာကြောင့် ဖိအားတွေလည်းရှိလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း အုပ်စုရဲ့အောက်ဆုံးအဆင့်မှာ ရပ်တည်နေပြီး နောက်တစ်ဆင့်တက်ဖို့ အလွန်ခက်ခဲတဲ့ အနေအထားမှာရှိနေပါတယ်။စကိုင်းစပေါ့ သတင်းဌာန ရဲ့အဆိုအရ ယူနိုက်တက်ရဲ့ ကစားသမားတွေဟာ တန်ဟက်ရဲ့ စီမံခန့်ခွဲမှုတွေကို စိတ်ပျက်လက်ပျက်ဖြစ်နေကြတယ်လို့သိရပါတယ်။ကစားသမားတွေဟာ အသင်းရဲ့ လက်ရှိကစားဟန်ကို ကြိုက်နှစ်သက်ခြင်းမရှိကြဘဲ လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း လိုတာထက်ပိုပြီး ပြင်းပြင်းထန်ထန်လုပ်နေရတယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။
အသင်းရဲ့ စီနီယာကစားသမားအချို့က လေ့ကျင့်ရေးမှာ အကြောင်းမဲ့ အမြဲတမ်းပြေးနေရကြောင်းနဲ့ ဘာကြောင့် အခုလိုပြေးနေရလဲဆိုတာ မသိကြကြောင်း ထုတ်ဖော်ခဲ့ကြတယ်လို့ဆိုပါတယ်။ ယခုအခါ စီနီယာကစားသမားအချို့က ၎င်းတို့ရဲ့ အတွေ့အကြုံတွေကို တန်ဟက်ထံမျှဝေပြီး အသင်းကို ပိုမိုတိုးတက်စေဖို့ ကူညီလိုနေကြတယ်လို့ သိရပါတယ်။
တန်ဟက်ဟာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေကို အခုလိုအရေးပါတဲ့ ရက်သတ္တပတ်တွေမှာ အလှည့်ကျသာ ပွဲထွက်ခွင့်ပေးဖို့ ကြိုးစားနေတယ်လို့လည်း သတင်းထွက်ပေါ်နေပါတယ်။ တန်ဟက်ရဲ့နောက်မှာ ယူနိုက်တက်ရဲ့ ကစားသမားအချို့နဲ့ ဝန်ထမ်းအချို့ရှိနေတာကြောင့် အသင်းရဲ့ အဝတ်လဲခန်းအတွင်း သဘောထား မတိုက်ဆိုင်မှုတွေ ရှိလာနိုင်ပြီး အသင်းစိတ်ဓာတ်ပြိုကွဲနိုင်တာကြောင့် စိုးရမ်ရတဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ကာရာဘောင်ဖလားကို ဆွတ်ခူးပေးခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေခဲ့တဲ့ တန်ဟက်ရဲ့အနာဂတ်ဟာ ယူနိုက်တက်မှာ ဘယ်လိုဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရဖို့ရှိနေပါတယ်။
လာမယ့်ရက်တွေမှာ ယူနိုက်တက်ရဲ့ အပြောင်းအလဲတွေကို မြင်တွေ့ရဖို့ရှိနေပြီး ဒီရာသီမှာတော့ တန်ဟက်ရဲ့ ပြဿနာတွေဟာ အိုးလ်ထရက်ဖို့ဒ်မှာ မြန်မြန်ဆန်ဆန်ပဲဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။