တန်ဟက် နေရာ အစားထိုးဖို့ ပါဝါသိပ်မကြီးတဲ့ နည်းပြ တစ်ဦးကိုမှ ကိုယ်တိုင်တွေ့ ဆွေးနွေးနေတဲ့ ယူနိုက်တက် ရှယ်ယာရှင်သစ်

0

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရှယ်ယာ ၂၅% ကို ပိုင်ဆိုင်တော့မယ့် ဆာ ဂျင်မ် ရက်ကလစ်ဟာ ချယ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့ တွေ့ဆုံမှု ပြုလုပ်ခဲ့တယ်လို့ အင်္ဂလန် သတင်းတွေက ဖော်ပြနေပါတယ်။
ယူနိုက်တက်က ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို ဒီရာသီ ပြိုင်ပွဲစုံ ၂၄ ပွဲမှာ ၁၂ ပွဲထိ ရှုံးနိမ့်ခဲ့တဲ့နောက် နည်းပြ တန်ဟက်ရဲ့ ရာထူးမှာ ဆက်မြဲနေဖို့ရာ မသေချာ မရေရာတော့ဘူး ဖြစ်လာနေပါတယ်။

ဒီအပတ် တနင်္ဂနွေနေ့မှာ ယူနိုက်တက်က ပြည်တွင်းပြိုင်ဘက်ကြီးဖြစ်တဲ့ လီဗာပူးနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာကလည်း တန်ဟက် အတွက် လွယ်ကူမယ့် ကိစ္စ မဟုတ်ပါဘူး။ မနှစ်ကရာသီမှာ ယူနိုက်တက်ဟာ အန်ဖီးကွင်းမှာပဲ သမိုင်းဝင် ၇-၀ ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
ရက်ကလစ် ဟာ ချယ်ဆီးကနေ ထွက်ခွာပြီးတည်းက အလုပ်လက်မဲ့ ဖြစ်နေတဲ့ ပေါ်တာနဲ့ တွေ့ဆုံခဲ့ပေမယ့် ယူနိုက်တက် နည်းပြ ရာထူးအတွက်လို့ တိကျ သေချာမှုတော့ မရှိသေးပါဘူး။

ရက်ကလစ်ဟာ ဆွမ်ဆီးနဲ့ ဘရိုက်တန် နည်းပြဟောင်းကို သူပိုင် အသင်း တစ်သင်းဖြစ်တဲ့ ပြင်သစ်ကလပ် နိုက်အတွက် အလိုရှိခဲ့ဖူးပါတယ်။

ယူနိုက်တက်ဟာ တန်ဟက်နေရာ အစားထိုးဖို့ ပေါ်တာအပြင် စပိန်သား လိုပတ်တီဂူကိုလည်း သဘောကျမှု ရှိ ထားပါတယ်။ ရာသီစမှာတင် ပရီးမီးယားလိဂ်ကလပ် ဝုဗ်အသင်းမှာ အသင်းပိုင်ရှင်တွေနဲ့ သဘောထား ကွဲလွဲခြင်းကြောင့် လိုပတ်တီဂူက ရာထူးကနေ နှုတ်ထွက်ထားတာ ဖြစ်ပါတယ်။

လိုပတ်တီဂူဟာ အခုချိန်ထိ ကလပ်တစ်သင်းကို ပြန်ပြီး တာဝန်ယူလာတာမျိုး မရှိသေးပါဘူး။ အသက် ၅၇ နှစ်အရွယ် နည်းပြကတော့ တစ်နှစ်ကို ပေါင် ၁၅.၅ သန်းရမယ့် ဆော်ဒီဘက်က ကမ်းလှမ်းမှုကို ငြင်းဆန်ထားပြီး ပရီးမီးယားလိဂ် ထံပဲ ပြန်လာချင်နေတယ်လို့ သိရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed