၈၅ သန်း ပေး ခေါ်ခဲ့ရတဲ့ အန်တိုနီ က မန်ချက်စတာ ယူနိုက်တက်နဲ့ ထိုက်တန်တဲ့ ကစားသမား မဟုတ်ဘူး ဆိုတဲ့ သရဲနီ ဂန္တဝင်ကြီး
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်း ဂျက်စတမ်းကတော့ လက်ရှိ အသင်းတောင်ပံကစားသမား အန်တိုနီဟာ မန်ယူအသင်းနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ယောက် မဟုတ်ကြောင်း ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။
ပေါင် ၈၅ သန်းနဲ့ မန်ယူအသင်းထံ ပြောင်းရွှေ့လာခဲ့တဲ့ အဆိုပါ အေဂျက် ကစားသမားဟောင်းဟာ လက်ရှိ အချိန်အထိ သွင်းဂိုး တစ်ဂိုးမှ မသွင်းယူနိုင်သေးသလို အသင်းပရိသတ်တွေ ကျေနပ်လောက်မယ့် စွမ်းဆောင်မှုတွေ မပြသနိုင် သေးတာကြောင့် လာမယ့်ဆောင်းရာသီ အရောင်းစာရင်းထဲ ရောက်ရှိနေပါတယ်။
မန်ယူအသင်းနည်းပြ တန်ဟတ် ကတော့ တပည့်ဟောင်း အန်တိုနီကို ပေါင် ၈၅ သန်းအထိ ပေးချေခေါ်ယူခဲ့သလို ကွင်းပြင်ပ ပြဿနာများစွာ ရင်ဆိုင်နေရချိန်မှာတောင် မားမားမတ်မတ် ရပ်တည်ပေးခဲ့ပေမယ့် အန်တိုနီဘက်ကတော့ အသင်းအတွက် လောက်လောက်လားလား စွမ်းဆောင်မှုတွေ မပြသနိုင်သေးပါဘူး။
ဂျက်စတမ်းက “ ကျွန်တော် အန်တိုနီကို စကြည့်ချိန်ကတည်းက အခုအထိ သူ့ဆီမှာ ယူနိုက်တက်နဲ့ ထိုက်တန်တဲ့ အဆင့်အတန်းမျိုး မတွေ့ရှိခဲ့ရသေးပါဘူး။
ကစားသမားတိုင်းကတော့ ခက်ခဲတဲ့ အနေအထားတွေ တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရလေ့ရှိပါတယ်၊ အန်တိုနီ ကတော့ အခုလို အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်တဲ့ စွမ်းဆောင်မှု တွေ မပြုလုပ်နိုင်သေးပါဘူး၊
နယ်သာလန်မှာတော့ သူလုပ်ပြခဲ့တာတွေက အဆင်ပြေခဲ့ပေမယ့် အဲ့ဒီတုန်းက သူပါဝင် ကစားခဲ့ရတဲ့ အသင်းက ပြိုင်ဘက် အသင်းတိုင်း ရှိန်ခဲ့ရတဲ့ အေဂျက်လို အသင်းမျိုးပါ၊
ဒါပေမယ့် ဒီမှာက ပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်၊ အေဂျက်လို အနေအထားမျိုးမဟုတ်ပါဘူး၊ ကျွန်တော်ကတော့ အန်တိုနီ ရဲ့ ခြေစွမ်းတွေကို ကြည့်ပြီး တော်တော်လေးကို အံ့အားသင့်ခဲ့ရပါတယ် ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။