ဒီခြေနဲ့ မန်ယူက ဘုန်းမောက်ကို ၅-ဝ လောက်ထိ ဂိုးပြတ် ရှုံးသင့်တာ လို့ မညှာတမ်း ပြောချသွားတဲ့ ခရစ်ဆက်တန်
မနေ့ညက အိုးထရတ်ဖိုဒ့်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုန်းမောက်ကို ရှက်စရာ ဂိုးပြတ် ရှုံးပွဲအပြီး တန်ဟက်တို့ အသင်းဟာ ဒီထက်ပိုတဲ့ ဂိုးပြတ် အရှုံးရလဒ် ထွက်သင့်တာလို့ ဘီဘီစီရဲ့ သုံးသပ်သူ ခရစ်ဆက်တန်က ဝေဖန်ခဲ့ပါတယ်။
ပထမပိုင်းမှာ ဆိုလန်ကီရဲ့ သွင်းဂိုး ၁ ဂိုးတည်းဖြင့် ဘုန်းမောက်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဘယ်လင်၊ ဆက်နက်စီတို့က ဂိုးတွေ ထပ်သွင်းခဲ့တာပါ။ ဘုန်းမောက်ရဲ့ စတုတ္ထဂိုးကတော့ VAR က ပယ်ဖျက် သွားခဲ့တာမို့ ယူနိုက်တက်တို့ ၃ ဂိုးပြတ်ပဲ ရှုံးခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ခရစ်ဆက်တန်က ” ယူနိုက်တက်က အကုန်လုံး နောက်ပြန်ဆုတ်သွားပါပြီ။ စွမ်းဆောင်ရည်က မကောင်း ပါဘူး။ ဒီရာသီမှာ မန်ယူနိုက်တက်က ကံလည်း မကောင်းပါဘူး။ ဒီနေ့လည်း ဇယားထက်ဝက် အောက်က အသင်း တစ်သင်း အနိုင်ယူသွားတာ ခံလိုက်ရပြန်ပါတယ်။
အမှန်အတိုင်းပဲ ပြောရအောင်ပါ။ ယူနိုက်တက်က ဒီနေ့ ၃-၀ ရှုံးသင့်တဲ့ အသင်း မဟုတ်ပါဘူး။ တကယ်ဆိုရင် သူတို့ ၅ ဂိုး လောက်နဲ့ကို ရှုံးသင့်တာပါ ” လို့ ဝေဖန်ခဲ့ပါတယ်။
အဝေးကွင်းမှာ စုဖွဲ့မှု ကောင်းကောင်းကစားပြီး တစ်လတာ အကောင်းဆုံး ကစားသမား ဆုရှင် မက်ဂွဲရား ဦးဆောင်တဲ့ ယူနိုက်တက် ခံစစ်ကို ပါးနပ်စွာ ယှဉ်ပြိုင်သွားတဲ့ ဘုန်းမောက်ကိုတော့ ဆက်တန်က လေးစားစွာ ချီးကျူးပါတယ်။
” ဘုန်းမောက်ကိုတော့ လေးစားပါတယ်။ သူတို့က ကောင်းကောင်းပြေးခဲ့တယ်။ ဘုန်းမောက်ကို ကြည့်ရတာ စုဖွဲ့မှုရှိတယ်၊ ပိုပြီး အားကစားသမားဆန်တယ်၊ အင်အားပိုရှိတယ်။ သိပ်ပြီး မကောင်းလှတဲ့ တန်ဟက်ရဲ့ ယူနိုက်တက်ကို သူတို့ ခြိမ်းခြောက်ပြသွားခဲ့ပါတယ် ” လို့ ချီးကျူးသွားတာ ဖြစ်ပါတယ်။