ရီးရဲလ်နဲ့ ဗာရန်းတို့ ပြန်ပေါင်း ထုတ်နိုင်သလား၊ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗာရန်း အတွက် သတ်မှတ် ရောင်းဈေး

0

ရီးရဲလ်မက်ဒရစ် အသင်းဟာ ၎င်းတို့ရဲ့ အဓိက ဗဟိုနောက်ခံလူတွေ ဖြစ်တဲ့ မီလီတာအိုနဲ့ အလာဘာတို့ ဒဏ်ရာ ကိုယ်စီနဲ့ ရာသီကုန် အထိ အနားယူရဖို့ ရှိနေတာကြောင့် လက်ရှိ မန်ယူမှာ ကစားနေတဲ့ ခံစစ်မှူးဟောင်း ဗာရန်းကို ပြန်လည် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်လာပါတယ်။
ရီးရဲလ်မက်ဒရစ်က လာလီဂါပြိုင်ပွဲမှာ အတောင့်တင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပေမယ့် သူတို့ရဲ့ ဗဟိုခံစစ်မှာ အလာဘာ ၊ မီလီတာအို ၊ နာချို ၊ ရူဒီဂါ ၊ တိုဘီယက်စ် စတဲ့ ကစားသမား ၅ဦးသာ ရှိပြီး အလာဘာနဲ့ မီလီတာအို တို့က ဒဏ်ရာပြဿနာတွေကြောင့် ရာသီကုန် အထိ အနားယူရတော့မှာ ဖြစ်တာကြောင့် ဗဟိုခံစစ်မှူး ၃ဦးသာ ကျန်ပါတော့တယ်။

အဆိုပါ ၃ဦးအနက် နာချိုနဲ့ ရူဒီဂါတို့ နှစ်ဦးထဲကသာ အတွေ့အကြုံရင့် ဗဟိုခံစစ်မှူးတွေ ဖြစ်တာကြောင့် ပြိုင်ပွဲ ၃ခု ယှဉ်ပြိုင်ရမယ့် ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဆောင်းဈေးကွက်မှာ အနည်းဆုံး ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူဖို့ လိုအပ်နေပါတယ်။
နာမည်ကြီး ဂျာမန်သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့အဆို အရ ရီးရဲလ်မက်ဒရစ်က လာမယ့် ဆောင်းဈေးကွက်မှာ ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူဖို့ စဉ်းစားနေရာ မန်ချက်စတာ ယူနိုက်တက်မှာ အဆင်မပြေမှု တချို့နဲ့ ရင်ဆိုင်နေရတဲ့ နောက်ခံလူဟောင်း ဗာရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဗာရန်းကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြန်လည် ပြောင်းရွှေ့ချင် နေကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ ဗာရန်းက ၂၀၂၁ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော် ကျန်နေပါသေးတယ်။
ရီးရဲလ်မက်ဒရစ်က ဗာရန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ဗာရန်းကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းချချင်နေတာကြောင့် ဗာရန်းဟာ လာမယ့် ဆောင်းဈေးကွက်မှာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ဆီ ပြန်မယ့် အလားအလာတွေ ရှိနေပြီး ရီးရဲလ်မက်ဒရစ်က ဗာရန်းအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းကျော် ပေးချေရဖွယ် ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed