တုတ်ကြီးရဲ့ သွင်းဂိုးတွေနဲ့ ဧည့်သည် ချဲလ်ဆီးကို အိုးထရက်ဖို့ဒ်မှာ ၂-၁ နဲ့ အနိုင်ယူကာ မျက်နှာပန်းသိပ်လှသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

0

မနေ့ညက ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ယူနိုက်တက်က ချဲလ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်အတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို တော်မီနေးက သွင်းယူပေးခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဒါလော့၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားနဲ့ လုခ် ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မက်တော်မီနေး၊ အမ်မရာဘတ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ပွဲစကတည်းက နှစ်သင်းစလုံး ကွင်းလယ်တွေ တည်မရတာကြောင့် အမြန်ကစားဖို့ ကြိုးစားခဲ့ကြပြီး ဘောလုံးက ချက်ချင်းဆိုသလို ဟိုဘက်ဂိုး ရောက်လိုက် ဒီဘက်ဂိုး ရောက်လိုက်နဲ့ အရမ်း မြန်ဆန်နေခဲ့ပါတယ်။ပွဲချိန် ၇ မိနစ်မှာတော့ အန်တိုနီကို ဧရိယာထဲမှာ တက်နင်းမိတဲ့ အန်ဇို ဖာနန်ဒက်ဇ်ကြောင့် ချဲလ်ဆီးတို့ VAR နဲ့ ပင်နယ်တီ ပေးခဲ့ရသလို ဒီအခွင့်အရေးကို ဘရူနို ဖာနန်ဒက်စ် ကန်ပေမယ့် ဂိုးသမား ဆန်းချက်ဇ်က ပုတ်ထုတ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ မန်ယူတို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဧရိယာထဲကို ပြေးဝင်လာခဲ့တဲ့ ဂါနာချိုက ဂိုးရှေ့ကို အနိမ့်ဘောချိုးပေးရာမှာ မက်ဂွိုင်းယားက ပိတ်သွင်းခဲ့ပေမယ့် ချဲလ်ဆီးခံစစ်နဲ့ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို မက်တော်မီနေးက ညာခြေနဲ့ တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့ Volley ကန်သွင်းယူခဲ့တာပါ။

ဒီနောက်မှာ ချဲလ်ဆီးတို့ဘက်က ဂျက်ဆန်ရဲ့ အနီးကပ် ကန်ချက်က ဂိုးဖြစ်သင့်ပေမယ့် အထိန်းအသိမ်း အယူအဆ ညံ့လွန်းတာကြောင့် အိုနာနာ ကာကွယ်သွားနိုင်ခဲ့သလို မူဒရစ်ခ်ကလည်း ဂိုးပေါက်မတည့်ဘဲ ကန်နေခဲ့တာကြောင့် မန်ယူတို့ သက်သာခွင့်ရနေခဲ့ပါတယ်။ဒါပေမယ့် ပွဲချိန် ၄၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မူဒရစ်ခ်ရဲ့ အကွက်မြင်တဲ့ ပေးပို့မှုကို မန်ယူခံစစ်ကြားကနေ အထိန်းအသိမ်းကောင်းကောင်းနဲ့ ဆွဲထွက်သွားနိုင်ခဲ့တဲ့ ပါးလ်မားက ညာခြမ်းကနေ အတွင်းကို ဖြတ်ဝင်ပြီးမှ ညာဘက်တိုင်ခြေကို အနိမ့်ဘော ချိုးကန်သွင်းခဲ့ရာမှာ အိုနာနာ ဒိုက်ပစ်တာ မမီလိုက်ဘဲ ဂိုးပေးလိုက်ရတာပါ။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ မန်ယူတို့ဘက်က လင်ဒီလော့ဖ်အစား ရက်ဂီလွန်ကို ထည့်သွင်းပြီး ခံစစ် အပြောင်းအလဲလုပ်လာခဲ့သလို ချဲလ်ဆီးတို့ဘက်ကလည်း ကူကူရဲလားအစား ညာနောက်ခံလူအစစ် ဆတ်စလူး ရီးစ် ဂျိမ်းစ်ကို လူစားလဲခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ မန်ယူတို့ကပဲ ဒုတိယအကြိမ် ထပ်မံဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ပထမဂိုးမှာလည်း ကြီးမားတဲ့ ပါဝင်ပေးပို့မှု ပြုလုပ်ထားနိုင်ခဲ့တဲ့ ဂါနာချိုက ဘယ်ခြမ်းကနေ အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးခဲ့ရာမှာ ဂိုးမသွင်းတတ်တဲ့ ဟွိုင်လန်းက လွဲချော်ခဲ့ပေမယ့် နောက်ကနေ ပြေးဝင်လာတဲ့ မက်တော်မီနေးကပဲ ခေါင်းတိုက် သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ မက်တော်မီနေးက ဟက်ထရစ် ရနိုင်တဲ့ အခွင့်အရေးကို လွဲချော်ခဲ့သလို မန်ယူတို့ဘက်က ဟွိုင်လန်းနဲ့ ဂါနာချိုတို့အစား ရက်ရှ်ဖို့ဒ်နဲ့ အီဗန်စ်တို့ကို ထည့်ပြီး ပွဲကို ထိန်းချုပ်သွားခဲ့ပါတယ်။ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က ချဲလ်ဆီးတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို ရယူသွားနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed