ရက်ဖို့ဒ် ဂေါင်းကြီးကို အတုယူဖို့ ပြန် စည်းရုံးနားချနေရတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က မားကပ်စ် ရက်ဖို့ဒ်အနေဖြင့် ဟယ်ရီမက်ဂွိုင်းယားကို အတုယူကာ အကောင်းဆုံးပုံစံရရှိရေး ကြိုးစားဖို့ ပြောကြားလာပါတယ်။မားကပ်စ်ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ကစားသမားဘဝအကောင်းဆုံးရာသီအဖြစ် ပြိုင်ပွဲအရပ်ရပ်တွင် ဂိုး ၃၀ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ နွေရာသီတုန်းက လုပ်ခတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီးနောက် ယခုရာသီတွင် ၂ ဂိုးတည်းသာ သွင်းနိုင်တဲ့အထိ အခြေအနေ ဆိုးရွားနေပါတယ်။
တဖက်တွင် ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းဟယ်ရီမက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ၁၂ ပွဲတည်းသာ ပွဲထွက်ခွင့်ရခဲ့တဲ့ အပြင် ရာသီအစတုန်းက နေရာပျောက်ခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ နောက်ပိုင်းပွဲများတွင် ယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမားနေရာကို ပြန်လည် ရယူလာနိုင်ခဲ့ပြီး နိုဝင်ဘာလ အတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စကော့မက်တိုမီနေးမှာလည်း ယူနိုက်တက်တွင် နေရာပျောက်နေရာမှ ယခုအခါ အဲရစ်တန်ဟက်အားကိုးရတဲ့ ကစားသမားတစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။
အဲရစ်တန်ဟက်က “ရက်ဖို့ဒ်က အရမ်းကောင်းတဲ့သူပါ။ ကစားသမားကောင်းပါ။ ကစားသမား ၁၁ ဦးတည်းနဲ့ချည်းပဲ ကစားလို့ မရပါဘူး။ ပွဲတိုင်းကိုလည်း သူမကစားနိုင်ပါဘူး။ အခုအချိန်မှာ ပြီးခဲ့တဲ့ ရာသီခြေစွမ်းမျိုး သူ့မှာ မရှိပါဘူး။ ဒါပေမဲ့ သူ ပြန်ရလာမယ်ဆိုတာ ကျွန်တော် ယုံကြည်နေတယ်။
ဒါကြောင့် စကော့မက်တိုမီနေးနဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ကို ကြည်ပါပြောတာပါ။ အသင်းကတော့ အကောင်းဆုံး ကစားနေတဲ့ ကစားသမားတွေနဲ့ ပွဲထွက်မှာ အကောင်းဆုံးပုံစံ ရှိနေမှာပါ။ကျွန်တော်တို့အသင်းမှာ အတွင်းမှာ ပြိုင်ဆိုင်မှု ရှိတဲ့ အသင်းတစ်သင်း ရှိပါတယ်။ အောင်မြင်ချင်ရင် ကစားသမား ၁၁ ဦး ထက် ပိုပြီးလိုပါတယ်။ ရာသီတိုင်းမှာလည်း အကောင်းဆုံးကစားသမားတွေကိုပဲ အားကိုးရပါတယ်”လို့ ပြောကြား သွားပါတယ်။
အဲရစ်တန်ဟက်ဟာ နိုဝင်ဘာလတုန်းက ပရီးမီးယားလိဂ်ပွဲ ၃ ပွဲလုံး အနိုင်ရရှိအောင် စွမ်းဆောင်နိုင်တဲ့ တစ်ဦးတည်း သော နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့မှုနှင့်အတူ မက်ဂွိုင်းယားနှင့်အတူ တစ်လတာအကောင်းဆုံးနည်းပြဆကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နယ်သာလန်သား ဟာ ယူနိုက်တက်နည်းပြဖြစ်လာပြီးနောက် ၃ ကြိမ်မြောက် လစဉ်အလိုက် အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။