စာချုပ် ကုန်ခါနီး ဗာရန်း မန်ချက်စတာ ယူနိုက်တက်မှာ ဆက်နေချင်ပေမယ့် အလွတ်နဲ့ ထွက်ခွာဖြစ်မလား
မန်ချက်စတာ ယူနိုက်တက် ခံစစ်မှာ ပွဲထွက်ခွင့်ပြန်ရပြီး ခြေစွမ်းပြလာတဲ့ ပြင်သစ်ဝါရင့် နောက်ခံလူ ဗာရန်းဟာ အသင်းနဲ့ နောက်ထပ် တစ်ရာသီ စာချုပ်သက်တမ်းတိုးချင်နေတယ်လို့ သတင်း ထွက်လာပါတယ်။ဗာရန်းဟာ လီဗာပူးလ်နဲ့ ဂိုးမရှိ သရေကျတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဒါက ဒီရာသီမှာ ဗာရန်း အတွက် ၈ ပွဲမြောက် ပွဲထွက် ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ပွဲမှာ ဗာရန်းက အီဗန်စ်နဲ့တွဲဖက်ပြီးတော့ အကောင်းဆုံးကစားနိုင်ခဲ့ပြီး အန်ဖီးလ်မှာ အဖိုးတန် သရေ တစ်မှတ် ရအောင် ကူညီပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာ ဗာရန်းက ဘောလုံးထိချက် ၅၇ ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ၂၇ ကြိမ်၊ ဘောလုံး ရှင်းထုတ်နိုင်မှု ၁၅ ကြိမ်၊ လေထဲမှာ ပြိုင်ဘက်ကို အသာရမှု ၄ ကြိမ်၊ ဘောလုံးကြားဝင်လုယူနိုင်မှု ၃ ကြိမ်၊ Blocks ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ယူနိုက်တက်အသင်းခံစစ်မှာ ဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေရတာကြောင့် အဲရစ်တန်ဟက်က ဗာရန်းကို ပြန်လည် အသုံးပြုခဲ့ပြီး ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ ၇ ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အသင်းအတွက် ပွဲထွက်ခွင့် ပြန်ရခဲ့တာဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ဝါရင့် နောက်ခံလူ ဗာရန်းဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ၁၄ ပွဲသာကစားခွင့်ရပေမဲ့ သူက ယူနိုက်တက် အသင်းမှာ ဆက်ကစားဖို့ ဆန္ဒပြင်းပြနေတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းစာက ဖော်ပြခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားနဲ့ချန်ပီယံလိဂ်ဖလားတွေ ရယူနိုင်ခဲ့သူ ဗာရန်းကို ၂၀၂၁ ခုနှစ်မှာ ရီးယဲလ် အသင်းဆီကနေပေါင် ၄၂ သန်းနဲ့ခေါ်ယူခဲ့ပြီး ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
နောက်ပိုင်းထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ၃ နှစ်သာ စာချုပ်ခဲ့ပြီး သက်တမ်း ပြည့်ရင် နောက်ထပ် ၁၂ လ စာချုပ်သစ်ထပ်ချုပ်ဖို့ သဘောတူချက်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
ဗာရန်းရဲ့လက်ရှိစာချုပ်က ဒီရာသီကုန်မှာ သက်တမ်းပြည့်မှာဖြစ်ပေမဲ့ ဗာရန်းက ၂၀၂၅ နွေရာသီအထိ စာချုပ်သက်တမ်း တိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွက် ဗြိတိန်မီဒီယာတွေက ယူနိုက်တက်အသင်းဟာ ဗာရန်းကို နောက်ထပ် ၁၂ လ သက်တမ်းတိုးဖို့ အစီအစဉ်မရှိဘဲ လာမဲ့နွေရာသီကျရင် အလွတ်နဲ့ထွက်ခွင့်ပေးသွားဖို့ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
တကယ်လို့ ယူနိုက်တက်ဘက်က ဗာရန်းကို စာချုပ်သက်တမ်းမတိုးဘူးဆိုရင် ဗာရန်းဟာ လာမဲ့ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ပြည်ပကလပ် တစ်သင်းနဲ့ အပြောင်းအရွှေ့အကြိုသဘောတူညီမှုရယူခွင့်ရှိနေပါတယ်။