ဟွိုင်လန်း ဘာလို့ ခုထိ ပရီးမီးယားလိဂ် ပထမဆုံး ဂိုး မသွင်းနိုင်သေးတာလဲ အကြောင်းအရင်း ထွက်ပေါ်လာ

0

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်မှာ ခုထိ ပွဲဦးထွက် အဖွင့် ဂိုးရဖို့ ရုန်းကန်နေရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး အချက်အလက် စစ်တမ်းထွက်ပေါ် လာပြီဖြစ်ပါတယ်။
ဒီရာသီအစက အတ္တလန်တာကနေ ယူနိုက်တက်ကို ပေါင် ၇၂ သန်းနဲ့ရောက်ရှိခဲ့သူ ဒိန်းမတ်လူငယ်တိုက်စစ်မှူး ဟွိုင်လန်းကို ဂန္ထဝင်ကစားသမား စီရော်နယ်လ်ဒိုရဲ့နေရာ အစားဝင်နိုင်မဲ့သူအဖြစ် ပရိသတ်တွေက မျှော်လင့်ခဲ့ကြတာပါ။

ဟွိုင်လန်းဟာ ချန်ပီယံလိဂ်မှာ ၅ ဂိုးအထိ သွင်းယူခဲ့ပေမဲ့ ယူနိုက်တက်တို့ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာ အခုအချိန်အထိ ဟွိုင်လန်း ဂိုးမသွင်းနိုင်သေးတာကြောင့် ပရိသတ်တွေက ဟွိုင်လန်းရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်နေကြပါတယ်။စက်တင်ဘာလအတွင်း အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ရှုံးတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အတွက် ပွဲဦးထွက်ခွင့်ရခဲ့သူ ဟွိုင်လန်းဟာ ပရီးမီးယားလိဂ် ၁၂ ပွဲ၊ မိနစ်ပေါင်း ၇၉၈ မိနစ်အထိ ကစားပြီးချိန်မှာ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှု တစ်ကြိမ်မှ မလုပ်နိုင်သေးပါဘူး။

ပရီးမီးယားလိဂ်မှာ ဟွိုင်လန်းက တစ်ပွဲပျမ်းမျှ ဂိုးပေါက်ကန်သွင်းမှု ၁.၃ ကြိမ်သာရှိပြီး ချန်ပီယံလိဂ်မှာ ၁.၈ ကြိမ်၊ ဒိန်းမတ်အသင်းရဲ့ ယူရိုခြေစစ်ပွဲတွေမှာ ၂.၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ဒီမှတ်တမ်းတွေကို နှိုင်းယှဉ်ကြည့်ရင် ဟွိုင်လန်းတစ်ယောက် ပရီးမီးယားလိဂ် ပွဲတွေမှာ သိသိသာသာကို ရုန်းကန်နေရတာဖြစ်ပါတယ်။

စက်တင်ဘာလတုန်းကဘရိုက်တန်ကို ၃-၁ ဂိုးနဲ့ရှုံးတဲ့ပွဲမှာ ဟွိုင်လန်း ဂိုးသွင်းနိုင်ပေမဲ့ ရပ်ရှ်ဖို့ဒ် ဖန်တီးပေးတဲ့ဘောလုံးက စည်းကျော်နေတာကြောင့် ကံဆိုးစွာနဲ့ပဲ ဂိုးမရခဲ့ပါဘူး။
ယူနိုက်တက်အသင်းရဲ့ ပြိုင်ပွဲစုံနောက်ဆုံး ၅ ပွဲဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ ချယ်ဆီး၊ ဘုန်းမောက်၊ နယူးကာဆယ်၊ ဂါလာတာစာရေး တို့နဲ့ပွဲတွေမှာ ဟွိုင်လန်းက စုစုပေါင်း ဂိုးပေါက်ကန်ချက် ၃ ကြိမ်သာရှိခဲ့ပြီး အဲဒီထဲက ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။

ဟွိုင်လန်းဟာ ဂိုးရဖို့ ရုန်းကန်နေရသလို ပိုဆိုးတာကလည်း အသင်းဖော်တွေရဲ့ ပံ့ပိုးမှု အလုံအလောက် မရတာပဲဖြစ်ပါတယ်။နာမည်ကျော် Opta အဖွဲ့ရဲ့စစ်တမ်းအရ ဒီရာသီ ပရီးမီးယားလိဂ်မှာ တိုက်စစ်ကစားသမားတွေကို အသင်းဖော်တွေက ဘောလုံးပေးပို့မှုအကြိမ် အများဆုံးပြုလုပ်ခဲ့တဲ့စာရင်းမှာ ဟွိုင်လန်းနဲ့မာစီယဲလ်တို့က အောက်ဆုံးနေရာသာ ရပ်တည်နေပါတယ်။

ဟွိုင်လန်းနဲ့ မာစီယဲလ်ကို ယူနိုက်တက်အသင်းဖော်တွေက ဘောလုံးပေးပို့ခဲ့တဲ့ အကြိမ်အရေအတွက်က ၁၀၀ ကျော်သာရှိပြီး ဒါက တော်တော်လေး ဆိုးရွားတဲ့မှတ်တမ်းပါပဲ။အဲဒါကြောင့်လည်း မာစီယဲလ်နဲ့ ဟွိုင်လန်းတို့ နှစ်ယောက်စလုံး ပရီးမီးယားလိဂ်မှာ ဂိုးရဖို့ ရုန်းကန်နေရတာဖြစ်ပြီး မာစီယဲလ်ဆိုရင် ၁ ဂိုးသာ သွင်းနိုင်ခဲ့ပါတယ်။

အသင်းဖော်တွေဆီက ဘောလုံးပေးပို့မှု အများဆုံးရရှိတာက စပါးအသင်းနာမည်ကျော်တိုက်စစ် ကစားသမား ဆွန်ဟောင်မင်ဖြစ်ပြီး အကြိမ် ၄၀၀ နီးပါးရှိတာကြောင့် ဟွိုင်လန်းနဲ့နှိုင်းယှဉ်ရင် အပြတ်အသတ် ကွာဟနေပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ဘုန်းမောက်နဲ့ပွဲမှာ ဒါလော့ ဟာ ချေပဂိုးရနိုင်တဲ့ အနေအထားရခဲ့ပေမဲ့ လွတ်လွတ် ကျွတ်ကျွတ် ဖြစ်နေတဲ့ ဟွိုင်လန်းကို ဘောလုံး ပေးရမဲ့အစား တစ်ကိုယ်ကောင်းဆန်ဆန် ကန်ခဲ့တာကြောင့် အပိုင် အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed