လီဗာပူးကို သရေ ကစားနိုင်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ကို သတိပေးသွားတဲ့ သရဲနီဟောင်းကြီး ရွိုင်ကိန်း
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမားကြီး ရွိုင်ကိန်းက သူ့ရဲ့အသင်းဟောင်းဟာ လီဗာပူးကို အဝေးကွင်းမှာ သရေ ကစားနိုင်ခဲ့ပေမယ့် ယူနိုက်တက်မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
မနေ့ညက အန်းဖီးမှာ ကန်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ မန်ယူအသင်းဟာ အစဉ်အလာပြိုင်ဘက် လီဗာပူးကို ဂိုးမရှိ သရေရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပါတယ်။
လီဗာပူးလို အိမ်ကွင်း နိုင်ပွဲဆက်နေတဲ့ အသင်းကို ဂိုးမရှိ သရေရလဒ် ရအောင် ကစားနိုင်ခဲ့တာကြောင့် ဘောလုံး သုံးသပ်ဝေဖန်သူတွေက မန်ချက်စတာ ယူနိုက်တက်ဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်တော့မယ်လို့ ဆိုလာကြ ပေမယ့် ရွိုင်ကိန်းကတော့ သူ့ရဲ့ အသင်းဟောင်းဟာ အခုမှ ပြန်လည် တည်ဆောက်ဆဲ အသင်းသာ ဖြစ်ပြီး ဖြေရှင်းစရာ ပြဿနာတွေ အများကြီး ရှိသေးတယ်လို့ ထောက်ပြခဲ့ပါတယ်။
ရွိုင်ကိန်း က – “ယူနိုက်တက်က အခုမှ ပြန်လည် တည်ဆောက်ဆဲ အခြေအနေမှာပဲ ရှိပါသေးတယ်။ သူတို့အသင်းမှာ ပြဿနာတွေ အများကြီး ရှိနေပါတယ်။ ဂိုးမရတာတွေ ၊ ဒဏ်ရာပြဿနာတွေ စသဖြင့်ပေါ့။ဒီပွဲမှာ လီဗာပူးရဲ့ ကစားသမားတွေက သူတို့တွေ အလွယ်လေး နိုင်မယ်လို့ တွေးခဲ့ကြတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ပြီး သရေရလဒ် ဖြစ်ခဲ့တာလို့ သုံးသပ်ရင်လည်း ရပါတယ်။” ဆိုပြီး ယူနိုက်တက်ရဲ့ ပြဿနာတွေကို ထောက်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၇) အပြီးမှာ ရမှတ် ၂၈မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၇) ကို ရောက်ရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တဲ့ အဆင့်(၄)နဲ့ ရမှတ် ၆မှတ် ကွာဟနေဆဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၃)နေရာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အဓိက ကစားသမားတွေ ဒဏ်ရာရနေမှု၊ ပွဲဆက်များမှု၊ အမှားများမှု စတဲ့ အချက်တွေကြောင့် ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းနေပါတယ်။