တက်သစ်စ သရဲနီ ကြယ်ပွင့်လေးကြောင့် မန်ချက်စတာ ယူနိုက်တက်က အပြီးမခေါ်တော့ဘဲ ပြန်လွှတ်ခံရဖွယ် ရှိတဲ့ အမ်မရာဘတ်
မန်ချက်စတာယူနိုက်တက် အသင်းဟာ နွေတုန်းက အငှားနဲ့ခေါ်ထားတဲ့ ကွင်းလယ် ကစားသမား အမ်မရာဘတ်ကို ရာသီကုန်ကျရင် အပြီးသတ် ခေါ်ယူဖွယ် မရှိတော့ဘူးလို့ အင်္ဂလန် သတင်းတွေက သုံးသပ် ဖော်ပြလာခဲ့ပါတယ်။အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်သူ မော်ရိုကိုလက်ရွေးစင် အမ်မရာဘတ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားခဲ့လို့ ယူနိုက်တက်အသင်းက သူ့ကို ဒီရာသီအစကတည်းက အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ပြောင်းရွှေ့ကြေး ကိစ္စကြောင့် အငှားနဲ့သာ အရင် ခေါ်ယူခဲ့ရပါတယ်။
အခုလောလောဆယ်အထိတော့ အမ်မရာဘတ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၁၇ ပွဲကစားခဲ့ပြီး စက်တင်ဘာလ အတွင်း ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ဂိုးနဲ့အနိုင်ရတဲ့ လိဂ်ဖလားပွဲ ကလွဲလို့ ကျန်တဲ့ပွဲတွေမှာ အရမ်းကြီး သိသိသာသာ ပုံစံကောင်းမပြနိုင်ခဲ့ပါဘူး။
ယူနိုက်တက်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက လူတွေက အမ်မရာဘတ်ဟာ ပရီးမီးယားလိဂ်ကစားဟန်နဲ့ အံဝင်နိုင်ပါ့မလား ဆိုတာ စိုးရိမ်နေတယ်လို့ ပြောကြားခဲ့သလို နည်းပြအဲရစ်တန်ဟက်ကလည်း သူ့တပည့်ဟောင်းကို ဖီအိုရင်တီးနား အသင်းဆီ ပြန်ပို့ဖို့ ပြင်ဆင်နေပါတယ်။
အမ်မရာဘတ် ကို ခေါ်ယူစဉ်က အငှား စာချုပ်မှာ အပြီးသတ် ခေါ်ယူဖို့ သဘောတူညီချက်ပါဝင်ပေမဲ့လည်း အဲရစ်တန်ဟက်က အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူမဲ့ အစီအစဉ် မရှိပါဘူး။
မန်ချက်စတာ ယူနိုက်တက်အသင်း အမ်မရာဘတ်ကို အပြီးသတ် မခေါ်ချင်တော့တဲ့ နောက်ထပ်အကြောင်းရင်းက လူငယ် ကစားသမား ကိုဘီ မိုင်နူး ခြေစွမ်းပြနေတာကြောင့်လည်းပါဝင်ပါတယ်။
အဲဗာတန်နဲ့ပွဲတုန်းက ပရီးမီးယားလိဂ်မှာ ပထမဆုံးပွဲဦးထွက်ခွင့်ရခဲ့သူ မိုင်နူး ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြနေပြီး လီဗာပူးလ်နဲ့သရေကျတဲ့ပွဲမှာလည်း ပုံစံကောင်းပြသခဲ့တဲ့အတွက် နည်းပြအဲရစ်တန်ဟက်ကိုယ်တိုင် ချီးကျူးစကားဆိုခဲ့ပါတယ်။
ကိုဘီ မိုင်နူး ရဲ့အသက်က ၁၈ နှစ်သာရှိသေးတဲ့အတွက် ကွင်းလယ်မှာ နောက်ထပ် နှစ်အကြာကြီး အားကိုးနိုင် တဲ့သူ ဖြစ်လာဖို့ရှိတာကြောင့် အဲရစ်တန်ဟက်က မိုင်နူး ကို အခုထက် ပိုနေရာပေးလိုနေပါတယ်။