တချိန်က အဝေဖန်ခံ၊ အခုတော့ သူပါရင် မန်ယူ ရလဒ်ကောင်းတယ် ပြောနေရပြီ ဖြစ်တဲ့ မက်ဂွိုင်းယား

0

တချိန်က အဝေဖန်ခံရဆုံး အသင်းသား တစ်ဦး ဖြစ်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်းယားဟာ ဒီရာသီ အသင်းခံစစ်မှာ တစ်ကျော့ပြန် ခြေစွမ်းပြနေပြီး သူ ပွဲထွက်ကစားခွင့်ရတဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းလိုလို ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။
အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ယူနိုက်တက်အသင်းဟာ ဂါနာချို၊ ရပ်ရှ်ဖို့ဒ်၊ မာရှယ်လ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး မက်ဂွိုင်းယား ဦးဆောင်တဲ့ ခံစစ်၊ ဂိုးသမား အိုနာနာတို့ရဲ့ လက်စွမ်းပြမှုတွေကြောင့် ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် Clean Sheet ရခဲ့သလို ဒီရာသီပရီးမီးယားလိဂ်မှာ Clean Sheet ပွဲအရေအတွက် ၅ ပွဲအထိရှိလာပါပြီ။
အဲဗာတန်နဲ့ပွဲမှာ မက်ဂွိုင်းယားက ဘောလုံးထိချက် ၅၉ ကြိမ်၊ တိကျတဲ့ဘောလုံးပေးပို့မှု ၃၅ ကြိမ်၊ ဘောလုံး ရှင်းထုတ်နိုင်မှု ၈ ကြိမ်၊ လေထဲမှာ ပြိုင်ဘက်ကို ခေါင်းတိုက်အသာရမှု ၅ ကြိမ်၊ တိကျတဲ့အမြင့်ဘောပေးပို့မှု ၃ ကြိမ်၊ Block ၁ ကြိမ် နဲ့ Interception ၁ ကြိမ် ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း စိတ်ပျက်စရာအမှားတွေကြောင့် ဖိအား၊ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရသူ မက်ဂွိုင်းယားဟာ နည်းပြ အဲရစ်တန်ဟက် လက်ထက်မှာ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ဒီရာသီအစက အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။

ယူနိုက်တက်အဓိကနောက်ခံလူ နှစ်ဦးဖြစ်တဲ့ ဗာရန်း၊ လီဆန်ဒရိုမာတီနက်ဇ်တို့ ဒဏ်ရာတွေနဲ့ အနားယူရချိန်မှာ မက်ဂွိုင်းယားက ပွဲထွက်ခွင့်ပြန်ရခဲ့ပြီး အဲဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။

မက်ဂွိုင်းယား ပါဝင် ကစားတဲ့ ပွဲတွေမှာလည်း မန်ချက်စတာ ယူနိုက်တက် က ရလဒ်ကောင်းတွေ ရယူနေတာကြောင့် အသင်းအတွက် တကယ့်ကို ကံကောင်းစေသူ ဖြစ်လာနေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဘရန့်ဖို့ဒ်ကို ၂-၁ ဂိုးနဲ့အနိုင်ရတဲ့ပရီးမီးယားလိဂ်ပွဲမှာ မက်ဂွိုင်းယားဟာ အရေးပါတဲ့ ချေပဂိုးကို တွမ်မီနေး သွင်းနိုင်အောင် ခေါင်းတိုက်ဖန်တီးပေးခဲ့သလို ကိုပင်ဟေဂင်ကို ၁-၀ ဂိုးနဲ့အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အဖိုးတန်အနိုင်ဂိုး သွင်းယူခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ မက်ဂွိုင်းယား ပွဲထွက်ကစားခွင့်ရတဲ့ ၆ ပွဲမှာ ယူနိုက်တက်တို့ ၅ ပွဲအထိအနိုင်ရခဲ့ပြီး မန်စီးတီးနဲ့မန်ချက်စတာဒါဘီတစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။

အခုဆိုရင် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၄ ပွဲဆက်မှာ ဘန်လေ၊ ရှက်ဖီးယူနိုက်တက်၊ ဖူလ်ဟမ်၊ အဲဗာတန်တို့ကို အနိုင်ရခဲ့ပြီး ဒါက နည်းပြဟောင်း ဆိုးလ်ရှားလက်ထက် ၂၀၂၀ နောက်ပိုင်း အကောင်းဆုံး အဝေးကွင်း စွမ်းဆောင်ရည်ပါပဲ။

အခုလောလောဆယ် ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ဂိုးမပေးရတာက ၃၁၂ မိနစ်အထိရှိလာပြီး လက်ရှိပရီးမီးယားလိဂ်ကလပ်တွေထဲမှာ ခံစစ်ပိုင်းအကောင်းဆုံးအဖြစ် ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed