ချဲလ်ဆီးမှာ မအောင်မြင်လို့ အင်္ဂလန်က ခွာသွားခဲ့တဲ့ တိုက်စစ်မှုးကို ဇန်နဝါရီမှာ ခေါ်ဖို့ မန်ယူက အံ့အားသင့်ဖွယ် ချိတ်ဆက်
မန်ချက်စတာယူနိုက်တက် အသင်းဟာ ချဲလ်ဆီးမှာ ခြေစွမ်းမပြသနိုင်ခဲ့ဘဲ ဂျာမနီ ပြန်သွားခဲ့ရတဲ့ တိုက်စစ်မှုး တီမို ဗာနာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားကြောင်း ချိတ်ဆက် မေးမြန်းခဲ့တယ်လို့ အံ့အားသင့်ဖွယ် သတင်း ထွက်လာပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ ဇန်နဝါရီလမှာ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့အတွက် ကြိုးပမ်းနေးတာဖြစ်ပြီး စကိုင်းစပေါ့ ဂျာမနီ ရဲ့ ဖော်ပြချက်အရ သရဲနီတွေဟာ တီမို ဗာနာအတွက် စုံစမ်း မေးမြန်းမှုတွေတောင် ပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟာ လိုက်ပ်ဇစ်မှာ ပုံမှန်ပွဲထွက်ကစားချိန်ကင်းမဲ့နေမှုကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ ယုံကြည်ရပြီး ပြီးခဲ့တဲ့ရာသီမှာ ၁၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ဘွန်ဒက်စ်လီဂါ ၈ ပွဲမှာ ၂ ဂိုး သာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဆီကနေ တရားဝင် ကမ်းလှမ်းမှု သို့မဟုတ် ဘယ်လို ညှိနှိုင်းဆွေးနွေးမှုမျိုးမှ ပြုလုပ်လာခြင်း မရှိသေးပေမယ့်လည်း
တီမို ဗာနာဟာ အဲရစ် တန်ဟက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေတယ်လို့ သိရပါတယ်။ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ရီးရဲလ်မက်ဒရစ်၊ ဖူလ်ဟမ်၊ ခရစ္စတယ် ပဲလေ့စ်၊ ဝက်စ်ဟမ်းတို့နဲ့ အရင်တုန်းက သတင်း ထွက်ခဲ့ဖူးသူဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ၂ ရာသီအတွင်း ၅၆ ပွဲမှာ ၁၀ ဂိုးသာ သွင်းယူနိုင် ခဲ့တာကြောင့် အင်္ဂလန်ပြန်သွားပြီး သက်သေပြသချင်နေမှာ သေချာပါတယ်။
ချဲလ်ဆီးဟာ တီမို ဗာနာအတွက် ပေါင် ၄၇.၅ သန်းပေးချေ ခေါ်ယူခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာ သောမတ်စ် တူချယ် လက်အောက် ချန်ပီယံလိဂ်ရရှိခဲ့တဲ့အသင်းမှာ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း ၂၀၂၂ ခုနှစ်မှာ လိုက်ပ်ဇစ်ကို ပေါင် ၂၅.၃ သန်းနဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ခြေစွမ်းပြသဖို့အတွက် မီဒီယာတွေရဲ့ မျက်စိဒေါက်ထောက်ကြည့် ဝေဖန် ရေးသားမှုနဲ့ ဖိအားတွေကြောင့် အင်္ဂလန်မှာ ကစားခဲ့တဲ့အချိန်အတွင်း မပျော်ရွှင်ခဲ့ဘူးလို့ BILD က ဖော်ပြခဲ့ပြီး ဗာနာဟာ အစ်တီဟတ်မှာ မန်စီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် အင်္ဂလန်ကို ခဏပြန်လာရဦးမှာ ဖြစ်ပါတယ်။