ညက သရေကျတဲ့ ပွဲအပြီး နည်းပြ တန်ဟက် အပြုအမူအတွက် သဘောမကျ ဒေါကန်နေကြတဲ့ ပရိသတ်များ

0

မန်ချက်စတာယူနိုက်တက် အသင်းဟာ မနေ့ညက ဂါလာတာစာရေးနှင့် ၃ ဂိုးစီသရေကျပြီးနောက် အဲရစ်တန်ဟက် ပြုမူခဲ့တဲ့ အပြုအမူအတွက် အကြီးအကျယ် ဒေါသထွက်နေကြပါတယ်။ယူနိုက်တက်ဟာ အစ္စတန်ဘူလ်တွင် ဂါလာတာစာရေးနှင့် ၃ ဂိုးစီသရေကျပြီးနောက် ချန်ပီယံလိဂ်အုပ်စုအဆင့်မှ လှည့်ပြန် ရကိန်း ဆိုက်နေပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ ယင်းပွဲအပြီးတွင် အဲရစ်တန်ဟက်ဟာ ချက်ချင်းဆိုသလို အေဂျက်စ်မှာ လက်တွဲခဲ့ဖူးတဲ့ ဂါလာတာစာရေး တောင်ပံ ကစားသမား ဟာကမ် ဇီယက်ချ်ကို ပြုံးပြီး ဖက်ခဲ့ပါတယ်။မန်ချက်စတာ ယူနိုက်တက်ဟာ အလီဂျန်ဒရိုဂါနာချို၊ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ ဂိုးတွေနဲ့ ၂-၀ ဂိုးဖြင့် အရင် ဦးဆောင်နိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဇီယက်ချ်က ပထမချေပဂိုးသွင်းခဲ့ပါတယ်။

ယင်းနောက် ယူနိုက်တက်ဟာ စကော့မက်တိုမီနေးက ၃-၁ ဖြစ်စေမဲ့ ဂိုးကို သွင်းယူခဲ့ပေမဲ့ ဇီယက်ချ်ကပင် ထပ်မံ ချေပဂိုး သွင်းခဲ့တာ ဖြစ်ပါတယ်။ ယင်းနောက် ၇၁ မိနစ်မှာ အာတာကိုဂလူက ဂါလာတာစာရေးအတွက် တတိယ ချေပဂိုး သွင်းခဲ့ပါတယ်။ယူနိုက်တက်ပရိသတ်များဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ထွက်ရဖို့ သေချာသလောက် ရှိနေတဲ့ အနေအထားမျိုးတွင် ပြုံးပြုံး ပြုံးပြုံးဖြင့် ပြိုင်ဘက်ကစားသမားနှင့် ပွေ့ဖက်နှုတ်ဆက်နေတဲ့ အဲရစ်တန်ဟက်ကို ဒေါသထွက်နေကြပြီး ဆာအဲလက်စ်ဖာဂူဆန်ဆိုလျှင် ယင်းသို့ မည်သည့်အခါမျှ ပြုမူလိမ့်မည်မဟုတ်လို့ ပြောဆိုနေကြပါတယ်။

ယူနိုက်တက် ပရိသတ်တစ်ဦးက “ချန်ပီယံလိဂ်အုပ်စုကနေ ထွက်ရဖို့ သေချာသလောက်ရှိနေတဲ့အခါမျိုးမှာ ပြိုင်ဘက်နဲ့ ရယ်ရယ်မောမော လုပ်နေတယ်။ နှုတ်ထွက်စာတောင် တင်သင့်တယ်”လို့ ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “ဆာအဲလက်စ်ဖာဂူဆန် ဒီလိုလုပ်ဖူးလား။ အသင်းတုန်လှုပ်စရာ ရလဒ်ကြုံရပြီးတဲ့နောက် နည်းပြတစ်ဦးတစ်လေများ ပြုံးနေတာ တွေ့ဖူးကြလားဗျ”လို့ ဆိုသွားပါတယ်။

ယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဘိုင်ယန်မြူးနစ်ကို ဧည့်ခံ ကစား ရပါမယ်။ ယူနိုက်တက်ဟာ ကိုပင်ဟေဂင်နှင့် ဂါလာတာစာရေးတို့ သရေကျပြီး ဘိုင်ယန်မြူးနစ်ကို အနိုင်ရမှသာလျှင် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်နိုင်ပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed