မန်ယူပွဲတွေကို မသုံးသပ်ချင်တော့ဘူး၊ ကြည့်ကို မကြည့်ချင်တော့ဘူး၊ ပရိသတ်တွေလည်း ဒီလိုပဲနေမှာ ဆိုတဲ့ ဂယ်ရီနဗီးလ်ရဲ့ ရင်ဖွင့်ချက်

0

မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ကြီး ဂယ်ရီနဗီးလ်ကတော့ အသင်းဟောင်း မန်ယူ ရဲ့ စိတ်ပျက်စရာခြေစွမ်းနဲ့ ရလဒ် တွေကြောင့် မန်ချက်စတာယူနိုက်တက်ပွဲတွေ ဆိုရင် ဘောလုံးပွဲသုံးသပ်သူအဖြစ် မလုပ်ချင်သလို ကြည့်တောင် မကြည့်ချင်တော့ဘူးလို့ သူ့ရဲ့ စိတ်ပျက်မှုကို ဖွင့်ပာဆိုခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ နယူးကာဆယ်နဲ့ပွဲမှာ ၁-၀ ဂိုးနဲ့ရှုံးခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆင့် ၇ နေရာကို ကျဆင်းသွားပြီဖြစ်ပါတယ်။

အခုဆိုရင် ယူနိုက်တက် အသင်းဟာ ထိပ်ဆုံးက အာဆင်နယ်နဲ့ ၉ မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်မှာလည်း အုပ်စုနောက်ဆုံး အဖြစ် ရပ်တည်နေတဲ့အတွက် အုပ်စုက ထွက်ရဖို့ ရာခိုင်နှုန်းများနေပါပြီ။အခုလာမဲ့ ဗုဒ္ဓဟူးနေ့မှာလည်း ယူနိုက်တက်တို့ ပရီးမီးယားလိဂ်ကြားပွဲအဖြစ် ချယ်လ်ဆီးကို အိမ်ကွင်းပွဲ လက်ခံ ကစားရမှာဖြစ်ပြီး အဲဒါပြီးရင် ဘိုင်ယန်မြူးနစ်၊ လီဗာပူးလ်တို့နဲ့ ပွဲကျပ်တွေ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေအတွက် အများစုက နည်းပြအဲရစ်တန်ဟက်အပေါ် ဝေဖန်နေကြပေမဲ့ ဂယ်ရီနဗီးလ်ကတော့ ကစားသမားတွေမှာလည်း တာဝန်ရှိတယ်လို့ ယူဆနေပါတယ်။

စကိုင်းစပေါ့ အစီအစဉ်မှာ ဂယ်ရီနဗီးလ်က “ယူနိုက်တက်ရဲ့ခြေစွမ်းက သာမန်အောက် ရောက်နေပြီး အရမ်း စိတ်ပျက်စရာ ကောင်းပါတယ်။

အသင်းအပေါ် ဝေဖန်သံတွေကလည်း ဒါတွေချည်းပဲ ထပ်တလဲလဲဖြစ်နေပြီး နည်းပြပြောင်းဖို့၊ ကစားသမားတွေ မကောင်းလို့ နည်းပြအထုတ်ခံရတာ၊ အသင်းပိုင်ရှင်ကို ဝေဖန်မယ် ဒီအသံတွေပဲ ကြားနေတာ ကျွန်တော်,တော်တော်လေး စိတ်ပျက်မိပါတယ်။

ကိုယ့်ရဲ့ငယ်မွေးခြံပေါက်ကလပ်ကို အားမလိုအားမရဖြစ်ပြီး ယူနိုက်တက် အသင်းပွဲတွေကို ကျွန်တော် မသုံးသပ်ချင်တော့သလို ကြည့်တောင် မကြည့်ချင်တော့ပါဘူး။ ကိုယ့်အသင်းနဲ့ပတ်သက်ပြီး ဒီလိုခံစားချက်တွေ ဖြစ်လာတာက ဝမ်းနည်းဖို့ကောင်းပါတယ်။

ဒါက ကျွန်တော် တစ်ယောက်တည်းမဟုတ်ဘဲ တခြားသူတွေကပါ ယူနိုက်တက်ကို စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်။ ဗုဒ္ဓဟူးနေ့ကျရင် ချယ်လ်ဆီးနဲ့ ကစားမဲ့ပွဲမှာလည်း ဆိုးဆိုးရွားရွား ထပ်ဖြစ်မှာကို စိုးရိမ်သလို နောက် ၂ ပတ်လောက် အကြာမှာ လီဗာပူးလ်နဲ့ကစားမဲ့ အန်ဖီးလ်ပွဲ အတွက်လည်း စိုးရိမ်နေရပါတယ်။

ယူနိုက်တက်အသင်းက ယုံကြည်မှု ပျောက်ဆုံးနေပြီး ကျွန်တော်တို့သာမက ပရိသတ်တွေကလည်း အသင်းအပေါ် ယုံကြည်မှု မရှိတော့ပါဘူး”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed