မနက်ဖြန်ည အိုးထရက်ဖို့ဒ်မှာ ကန်မယ့် မန်ယူ – ချယ်ဆီးပွဲ ဘယ်လို ရလဒ်ထွက်မလဲ ပေါမာဆန်ကြီး ဟောကိန်းထုတ်
ဒီကြားရက် မှာ ပရီးမီးယားလိဂ် ပွဲတွေ ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့ ထိပ်တိုက်တွေ့တဲ့ ပွဲလည်း ရှိနေပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ယူနိုက်တက် – ချယ်ဆီးပွဲ အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။
ဒီနှစ်သင်းဟာ အိုးထရက်ဖို့ဒ်မှာ မနက်ဖြန် ဗုဒ္ဓဟူးည ၂း၄၅ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားမှာပါ။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ပြီးခဲ့တဲ့ နယူးကာဆယ်ကို ယူနိုက်တက်တို့ ရင်ဆိုင်တဲ့ ပွဲဟာ ပရီးမီးယားလိဂ်မှာ မြင်ဖူးသမျှ ပွဲတွေထဲ တစ်ဖတ်သတ် အဆန်ဆုံးပွဲဆိုတာ ချဲ့ကားပြောနေတာ မဟုတ်ပါဘူး။ ကျနော်ကတော့ အဲ့ပွဲက ရှက်ဖို့တောင် ကောင်းတယ်လို့ကို မြင်ပါတယ်။ ယူနိုက်တက် ကစားသမားတွေရဲ့ သက်ရောက်မှု နည်းပါးတဲ့ ကစားဟန်ကို ရှော့ခ်တောင် ရမိပါတယ်။
ချယ်ဆီးကတော့ ရလဒ်ကောင်း ရခဲ့ပါတယ်။ ၁၀ ယောက်ကျန် အသင်းက အနိုင်ရသွားမယ်လို့ မထင်ခဲ့ပေမယ့် သူတို့က သူတို့ ပုံစံတွေနဲ့ အကောင်းဆုံး ကစားခဲ့တယ်။ ချယ်ဆီးအသင်းမှာက ယူနိုက်တက်ကို ရင်ဆိုင်ကစားဖို့ ကစားသမားတွေ ရှိနေပြီး စိတ်လှုပ်ရှားစရာ ပွဲလည်း ဖြစ်လာပါလိမ့်မယ်။
မန်ချက်စတာယူနိုက်တက်က ဒီပွဲမှာ အပြောင်းအလဲ လုပ်ပြချင်နေမှာပါ။ သူတို့ ၂ ပွဲဆက် ရလဒ် မကောင်းထားဘဲ ချယ်ဆီး၊ ဘုန်းမောက်၊ ဘိုင်ယန်မြူးနစ်တို့ကို ဆက်ရှုံးမယ်ဆိုရင် နည်းပြတန်ဟက်ရဲ့ ရာထူးက မသေချာတော့ပါဘူး။
ချယ်ဆီးက ခံစစ်ပိုင်း မကောင်းဘဲ ယူနိုက်တက်ကလည်း နေရာစုံကို အားနည်းနေပါတယ်။ ဂါလာတာစရေး ပွဲမှာ သူတို့ ပေးဂိုး ၃ ဂိုးထိရှိခဲ့ပြီး နယူးကာဆယ်ပွဲမှာတော့ ပေးဂိုး ၁၀ ဂိုးလောက် ဖြစ်ခဲ့သင့်တာပါ။ ကျနော်ကတော့ ဂိုးတွေ အများကြီးနဲ့ ဒီပွဲ သရေကျမယ် ထင်ပါတယ်။
ပေါမာဆန်ကြီးရဲ့ ပွဲ ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၃-၃ ချယ်ဆီး။