တန်ဟက် ပလစ်တာ ခံထားရပေမယ့် ထရိန်နင် အပြင်းအထန် လုပ်ပြီး တစ်ယောက်တည်း ကြိုးစားနေတဲ့ ဆန်ချို
မန်ယူ စီနီယာ အသင်း လူစာရင်းမှ ထုတ်ပယ်ခြင်း ခံထားရတဲ့ ဆန်ချို တစ်ယောက် ကတော့ သာမန်ထက် ပိုမို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ကာ အကောင်းဆုံး ပုံစံကို ဆက်လက် တည်ဆောက်နေကြောင်း သိရပါတယ်။
စည်းကမ်းပိုင်း မလိုက်နာမှုကြောင့် အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခွင့် ကန့်သတ်ခံထားရတဲ့ ဆန်ချိုဟာ စီနီယာ အသင်းကြီးက အသင်းဖော်တွေနဲ့အတူ ထမင်းစားခွင့်လည်း ရုတ်သိမ်းခြင်း ခံထားရသူ တစ်ယောက်ဖြစ်ပြီး လာမယ့်ဆောင်းရာသီ ဈေးကွက်အတွင်း အသင်းမှ ထွက်ခွါဖို့ ရေပန်းစားနေပါတယ်။
နည်းပြ တန်ဟတ် ကိုယ်တိုင်ကလည်း ဆန်ချိုကို ပြန်လည် အသုံးပြုဖွယ် မရှိတော့ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့တာကြောင့် အဆိုပါ အင်္ဂလန်သားရဲ့ အနာဂတ်က အတော်လေး မရေမရာ ဖြစ်နေချိန်မှာ ယခုလို ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကြောင့် ပရိသတ်တွေကတော့ ဝမ်းသာအားရခဲ့ပါတယ်။အသင်းရဲ့ ရလဒ်ဆိုးတွေ ကြုံတွေ့နေရခြင်းဟာ ဆန်ချိုတို့လို ကစားသမားတွေကို အသုံးမပြုခဲ့ခြင်းကြောင့် ဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိနေတာကြောင့် အချို့သော အသင်းပရိသတ်တွေက ဆန်ချိုကို ပြန်လည် မျှော်လင့်နေကြပါတယ်။
လက်ရှိ တစ်ဦးထဲ လေ့ကျင့်နေရတဲ့ ဆန်ချိုဟာ သားရဲတစ်ကောင်လို ပြင်းထန်တဲ့ စိတ်ဓါတ်တွေနဲ့ ပုံသွင်း လေ့ကျင့်နေတာကြောင့် အကယ်၍ ၎င်းသာ လာမယ့်ဆောင်းရာသီ အသင်းမှ ထွက်ခွါပြီး အခြားအသင်းတွေမှာ ခြေစွမ်းပြသနေခဲ့မယ်ဆိုပါက မန်ယူအသင်း ပရိသတ်တွေ လွမ်းဆွတ် နှမြောတသ ဖြစ်နေဦးမှာ အသေအချာပါပဲ။လက်ရှိ ထွက်ပေါ်ထားတဲ့ သတင်းများအရ ဆန်ချိုဟာ ဂျူဗင်တပ် အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေသူ တစ်ယောက် ဖြစ်သလို လာမယ့် ရက်ပိုင်းအတွင်း နည်းပြ တန်ဟတ် နဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးမှု ပြုလုပ်သွားဦးမှာ ဖြစ်ပြီး အဆိုပါ အချိန်ကျမှသာ ကစားသမားရဲ့ အနာဂတ်ကို ပရိသတ်တွေ အတိအကျ သိရှိသွားရမှာ ဖြစ်ပါတယ်။