ဇီဒန်းက မန်ချက်စတာ ယူနိုက်တက် နည်းပြ လုပ်ဖို့ ကြိတ်ပြင်ဆင်ထားကြောင်း ဖော်ကောင် လုပ်လာတဲ့ ပီတစ်

0

ရီးရဲလ် မက်ဒရစ် နည်းပြဟောင်း ဇီဒန်း ဟာ မန်ချက်စတာ ယူနိုက်တက်မှာ တန်ဟက်တစ်ယောက် နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အနီးစပ်ဆုံး အခြေအနေ ရောက်နေချိန်မှာပဲ သူ့ဘက်က မန်ချက်စတာကလပ်နဲ့ နီးစပ်နိုင်မယ့် ခြေလှမ်းတစ်ခု လှမ်းထားပြီ ဖြစ်နေပါတယ်။ပြင်သစ်ဂန္တဝင်ကွင်းလယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ကသာ အဲရစ် တန်ဟက်နဲ့ လမ်းခွဲခဲ့မယ်ဆိုရင် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီမှာ ခြေစွမ်းပိုင်း အဆိုးရွားဆုံးပုံစံပြသနေပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအုပ်စုအဆင့်မှာ ဘိတ်ချေးအဖြစ်နဲ့ ထွက်ခဲ့ရပြီးနောက် တနင်္ဂနွေနေ့မှာ လီဗာပူးလ်အိမ်ကွင်းမှာ အရှက်ရဖွယ် ထပ်မံရှုံးနိမ့်ခဲ့မယ်ဆိုရင် တန်ဟက်အတွက် အသင်းနဲ့ လမ်းခွဲဖို့ ပိုမိုသေချာလာတော့မှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာတချို့တဝက်ကို ဝယ်ယူဖို့ ပြင်ဆင်နေတဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်က ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဇီဒန်းကလည်း နည်းပြလောင်းစာရင်းထဲက ပျောက်ကွယ်မသွားသေးပါဘူး။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းဟာ နည်းပြလောကနဲ့ ၃ နှစ်ကြာ အဆက်အသွယ်ဖြတ်ထားပြီးနောက် ယူနိုက်တက် ဘက်က ကမ်းလှမ်းလာရင် နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ဇီဒန်းက အင်္ဂလိပ်ဘောလုံးလောကမှာ နည်းပြအဖြစ် မလုပ်ကိုင်ရတဲ့ အဓိက အကြောင်းအရင်းက ဘာသာစကား ပြဿနာကြောင့် ဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး လူတွေက မန်ချက်စတာကို နည်းပြ သွားလုပ်ချင်လားမေးရင်တောင် အင်္ဂလိပ်လို နားလည်ပေမယ့် သေသေချာချာ မပြောတတ်လို့ နည်းပြမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အီမန်နျူရယ် ပီတစ်က ပြင်သစ်လက်ရွေးစင်အသင်းဖော်ဟောင်း ဇီဒန်းဟာ ဒီနှစ်မှာ အင်္ဂလိပ်စကားကို သင်ကြားနေခဲ့တယ်လို့ ဖော်ကောင်လုပ်ခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့လအနည်းငယ်မှာ ဇီဇူးက အင်္ဂလိပ်စာသင်ခန်းစာတွေ လုပ်နေခဲ့တယ်။ သူ အင်္ဂလန်ကို လာပြီး နည်းပြ လုပ်ချင်လို့များလားမသိဘူး။ ဒါပေမယ့် ဒါက ဖြစ်နိုင်ပါတယ်။ ကျွန်တော့်အတွက်တော့ သူ အင်္ဂလိပ်စာ ထသင်နေတာက အင်္ဂလန်က အသင်းတွေကို နည်းပြချင်စိတ် ပေါက်လာလို့ဆိုတဲ့အဓိပ္ပာယ်ပဲ။

သူ အခုဆိုရင်လည်း နည်းပြမလုပ်တာ နှစ်အနည်းငယ်ကြာခဲ့ပြီ။ ခင်ဗျားက နည်းပြတစ်ယောက်အနေနဲ့ ထက်မြက်နေဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးဆိုတာက အရမ်းကို လျင်လျင်မြန်မြန်ပဲ ရွေ့လျားနေပြီး ပြောင်းလဲနေလို့ပါ။

ဝန်ခံရရင် သူ့အတွက် အခုအချိန်အထိတော့ အရမ်းကောင်းတဲ့အလုပ်အများကြီးမရှိသေးပါဘူး။ ဒါပေမယ့်လည်း သူ အင်္ဂလိပ်စာသင်နေတော့ အင်္ဂလိပ်အလုပ်တွေကိုလည်း သူ အခု စဉ်းစားနေပြီဆိုတဲ့သဘောပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed