အန်းဖီးမှာ အရင်လို ဂိုးပြတ် ရှုံးဖို့ မပြောနဲ့၊ အနိုင်ကန်ပြမယ် လို့ လီဗာပူးနဲ့ ပွဲမတိုင်ခင် လေထွားပြန်တဲ့ နည်းပြ တန်ဟက်
မန်ချက်စတာ ယူနိုက်တက် နည်းပြတန်ဟက်ကတော့ အန်ဖီးကွင်းမှာ မနှစ်တုန်းက သူ့အသင်း ၇-၀ နဲ့ ရှုံးခဲ့သလို ဒီရာသီမှာ ထပ်ဖြစ်မှာ မဟုတ်ကြောင်း၊ ဒီတခါ အနိုင် ကစားမှာ ဖြစ်ကြောင်း ပွဲကြိုမှာ ပြောဆိုလာပါတယ်။
သတင်းစာ ရှင်းလင်းပွဲမှာ ဒီအပတ်ပွဲမတိုင်ခင် စိတ်ဓါတ်ပိုင်း လုံ့ဆော်မှု ရရှိရေးအတွက် မနှစ်က ၇-၀ နဲ့ ရှုံးထားတဲ့ပွဲကို အသင်းသားတွေကို ပြသမှာလားလို့ သတင်းထောက်တွေက မေးခွန်းခဲ့ပါတယ်။
တန်ဟက်ကပဲ ” အဲ့လို လုပ်သင့်တယ်လို့ ကျနော်တော့ မထင်ပါဘူး။ အဲ့ရလဒ်က မနှစ်တုန်းကပါ၊ အတိတ်မှာလည်း ကျန်ခဲ့ပါပြီ။ ကျနော်တို့က အနာဂတ်ကိုတော့ ပြောင်းလဲပစ်နိုင်ပါတယ်။တနင်္ဂနွေနေ့မှာ ပွဲသစ်ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မနှစ်တုန်းက အန်ဖီးကွင်းမှာ သွားကစားရတာကို ကျနော်တို့ မကြောက်ခဲ့ပါဘူး။ ဆိုးရွားတဲ့ အတွေ့အကြုံ ဆိုပေမယ့် အမြဲတမ်း အဲ့လိုပဲ ဖြစ်နေမှာ မဟုတ်ပါဘူး။ ပြန်ပြီး စတင်လို့ ရပါတယ်။
မနှစ်ကရာသီ ပထမပိုင်းမှာ ကျနော်တို့ ကစားခဲ့တာ ကောင်းပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျနော်တို့ ပြိုလဲပျက်ဆီးခဲ့တယ်။ အဲ့တာမျိုး ဒီတစ်ကြိမ် ထပ်မဖြစ်နိုင်တော့ပါဘူး ” လို့ ဆိုပါတယ်။ဆက်လက်ပြီးလည်း နည်းပြတန်ဟက်က ” ကျနော်တို့တွေ အန်ဖီးကွင်းကို ယုံကြည်မှုရှိရှိ သွားပါမယ်၊ ပွဲအစကနေ ပွဲအဆုံးထိ ယုံကြည်မှု ရှိနေရပါမယ်။ အဲ့ဒီမှာ ကျနော်တို့ စိန်ခေါ်သွားမယ် တိုက်ခိုက်သွားမယ် အဲ့ကို သွားရောက် ယှဉ်ပြိုင်တာ အနိုင်ရဖို့ ဖြစ်ပါတယ် ” လို့ ပြောသွားတာ ဖြစ်ပါတယ်။