ဒရာမာဆန်ဆန် COME BACK နိုင်ပွဲ ရဖို့ ပထမပိုင်း ပြီးချိန်မှာ တန်ဟက်က မန်ယူအသင်းသားတွေကို ဘာပြောခဲ့သလဲ ဖော်ထုတ်လာ

0

ဒီန့ နံနက်အစောပိုင်းက အက်စတွန်ဗီလာကို အလှပဆုံး Come back နဲ့အတူ အလဲထိုးနိုင်ခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲချိန် ပထမပိုင်းအပြီးမှာ ယူနိုက်တက်ကစားသမားတွေကို ဘာပြောခဲ့လဲဆိုတာ မန်နေဂျာအဲရစ်တန်ဟက်က ထုတ်ဖော်ပြောကြား လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပထမပိုင်းမှာ မက်ဂင်နဲ့ ဒန်ဒွန်ကာတို့ရဲ့သွင်းဂိုးတွေကြောင့် အူနိုင်းအမ်မရီရဲ့အသင်းကို ဝ-၂ နဲ့ရှုံးနိမ့်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ အဲရစ်တန်ဟက်ရဲ့အသင်းက တရစပ်ဖိကစားပြီး အသင်းအတွက် ချေပဂိုး ၂ ဂိုးကို ဂါနာချိုက သွင်းယူပေးခဲ့ပြီး အနိုင်ဂိုးကိုတော့ ဟွိုက်လန်းက ထပ်မံသွင်းယူပေးခဲ့တာကြောင့် အဖိုးတန်အနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရရှိသွားတာဖြစ်ပါတယ်။

ဒါကြောင့် ပွဲအပြီးမှာတော့ အခုလို ဒရာမာဆန်ဆန် အနိုင်ရရှိခဲ့မှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို တန်ဟက်က ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

တန်ဟက်က “ပထမပိုင်းအငွေ့အသက်နဲ့ ဒုတိယပိုင်းအငွေ့အသက်က တော်တော်ကြီးကွာခြားသွားခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အာရုံစူးစိုက်မှု အားနည်းခဲ့လို့ ၂ ဂိုးအထိခွင့်ပြုလိုက်ရတယ်။
ဒါပေမယ့် ပထမပိုင်းအတွင်း ကျွန်တော်တို့ရဲ့ကစားပုံက မှန်ကန်နေတယ်လို့ထင်ခဲ့တာကြောင့် ဒုတိယပိုင်းမှာလည်း ဒီလိုပဲ ကြိုးစားပြီး ဆက်ကစားဖို့နဲ့ ယုံကြည်မှုရှိဖို့ ပြောကြားခဲ့တာပါ။ ကျွန်တော်က ‘ ယုံကြည်ချက်ထားပြီး ဒီအတိုင်းပဲကစားပါ။ ဒါပေမယ့် ဒီပုံစံကိုပဲ ကြိုးစားအားထုတ်မှု ထပ်ထည့်လိုက်ပါ။ ငါတို့ ဒီထက်ပိုပြီး ဖိအားပေးဖို့တော့ လိုလိမ့်မယ် ‘ လို့ ပြောခဲ့ပါတယ်။

၁-၂ ဆိုတဲ့အခြေအနေမှာ ကျွန်တော်တို့ ဆက်တိုက်ဖိကစားခဲ့ပြီး ပွဲအပြီးမှာတော့ ဘာဖြစ်သွားလဲ အားလုံးမြင်တဲ့ အတိုင်းပါပဲ။ ဒီနေ့ ပြသနိုင်ခဲ့တဲ့ အသင်းရဲ့ စွမ်းဆောင်ရည်ကို အရမ်းကောင်းတယ်လို့ထင်ပါတယ်” လို့ ပြောကြားခဲ့ ပါတယ်။

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ နိုင်ပွဲပြန်လည်ရရှိခဲ့ရုံမျှမက အသင်းရဲ့ ပရိသတ် အချစ်တော်တောင်ပံကစားသမား မားကက်ရက်ရှ်ဖို့ဒ်ကလည်း ၆ ပွဲအတွင်း ပထမဆုံးအကြိမ် ပွဲထွက်ကစားသမား ၁၁ ဦး စာရင်းမှာ ပါဝင်ခဲ့ပြီး တိုက်စစ်မှူး ဟွိုက်လန်းကလည်း သူ့ရဲ့ပရီးမီးယားလိဂ်ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ဂါနာချိုကလည်း ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဖြုန်းတီးခဲ့သမျှကို ဒီနေ့မှာ ၂ ဂိုးအထိ သွင်းယူနိုင်ပြီး အကောင်းဆုံး ချေဖျက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ယခုနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာအထိ တက်လာနိုင်ခဲ့ပြီး အဆင့် ၄ နေရာက တော့တင်ဟမ်နဲ့ ၅ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You may have missed